၂၁.၅.၂၀၂၄
Written By Zun
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်နှင့် သန်လျင်မြို့နယ်တို့ကို ဆက်သွယ်ထားသည့် ပဲခူးမြစ်ကူး သန်လျင်တံတား အမှတ် (၃) ကို ဇွန်လအတွင်း ဖွင့်လှစ်နိုင်မည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက သိရသည်။
လက်ရှိတွင် တည်ဆောက်မှု လုပ်ငန်းများ ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီ ဖြစ်သော်လည်း အချောသပ်လုပ်ငန်းများကို လုပ်နေကြဆဲဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၏ တာဝန်ရှိသူတစ်ဦးက MT News ကို ပြောသည်။
“လုပ်ငန်းက လက်စသပ်နေတာ နည်းနည်းပဲ ကျန်တော့တယ်။နောက်လလောက်မှာတော့ ဖွင့်လှစ်ပြီးတော့ တံတား ဖြတ်သန်းခွင့် ရနိုင်အောင် ဆောင်ရွက်နေကြပါတယ်။ ပြီးတော့ တံတား အသုံးပြုခကောက်ခံဖို့ (Toll Plaza) ကိုလည်း တည်ဆောက်နေကြတယ်။ တံတားအသုံးပြုခကို နိုင်ငံတကာမှာလို QR Code အသုံးပြုပြီး Mobile Pay စနစ်နဲ့ လုပ်ဖို့လည်း ညွှန်ကြားထားတယ်။ ပိုပြီး မြန်ဆန်အောင်ပေါ့။ လူနဲ့ကောက်ခံတဲ့ စနစ်လည်း ပါဦးမှာ ဖြစ်ပါတယ်”ဟု အဆိုပါ တာဝန်ရှိသူက ရှင်းပြသည်။
ယခုအခါ အချောသပ်လုပ်ငန်းများအနေဖြင့် တံတားဒီဇိုင်းပါ သတ်မှတ်ချက်များကို ပြည့်ပြည့်စုံစုံဖြစ်စေရန် ဆောင်ရွက်နေသည့်အပြင် သံမဏိကြိုးထိန်းတိုင် (Pylon) များတွင် လေကြောင်းအချက်ပြမီး (Aviation Light) များတပ်ဆင်ရေး၊ မိုးကြိုးလွှဲများတပ်ဆင်ရေး၊ ညအချိန် သင်္ဘောများ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေး ရေကြောင်းလမ်းပြမီး (Navigation Light) များကို လုပ်ဆောင်၍ ဆောင်ရွက်နေကြောင်း သိရသည်။
ပဲခူးမြစ်ကူး သန်လျင်တံတား အမှတ် (၃) ၏ တံတားအရှည်မှာ ၈၆၃၈ ပေဖြစ်ပြီး ယာဉ်သွားလမ်းမှာ လေးလမ်းသွား သံမဏိကြိုးဆိုင်းတံတားအမျိုးအစား ဖြစ်သည်။ တံတား၏ ခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ၇၅ တန်ဖြစ်ပြီး တံတား၏ ရေလမ်းကင်းလွတ်အမြင့်မှာ ၁၃ဒသမ၂၅ မီတာ (၄၃ ပေ) ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၏ မှတ်တမ်းများအရ သိရသည်။
တံတားကြီးကို ဂျပန်နိုင်ငံမှ ကုမ္ပဏီများက တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ပြီး တံတားဦးစီးဌာနအနေဖြင့် တံတားတစ်စင်းလုံး၏ လက်ရန်း၊ ပလက်ဖောင်း၊ ရေဆင်းပေါက်၊ လျှပ်စစ်မီးအပိုင်းများကို ဆောင်ရွက်ရကြောင်း သိရသည်။ လက်ရှိ ဖြတ်သန်းသွားလာနေသော သန်လျင်တံတား အမှတ် (၁) ကို ၁၉၉၃ ခုနှစ်ကတည်ဆောက်ခဲ့ပြီးနောက် ယင်းတံတားကိုနေ့စဉ်ဖြတ်သန်း သွားလာသည့် ယာဉ်အစီးရေများပြားလာခြင်းကြောင့် ကုန်စည်စီးဆင်းမှု လွယ်ကူလျင်မြန်စေရန် ရည်ရွယ်၍ သန်လျင်တံတား အမှတ် (၃) စီမံကိန်းကို ဂျပန်နိုင်ငံ၏ အကူအညီဖြင့် ၂၀၁၉ ခုနှစ်က စတင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။