၂၁.၅.၂၀၂၄
Written by Zun
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကလိကျွန်းရွာနှင့် ကျွန်းချောင်းရွာကြား ရန်ကုန် – မော်လမြိုင်ရထားလမ်းရှိ တံတားတစ်စင်းကို ယနေ့ မေလ ၂၁ ရက် နံနက် တစ်နာရီ မထိုးမီအချိန် (မေလ ၂၀ ရက် ညသန်းခေါင် ၁၂ နာရီ မိနစ် ၂၀ ခန့်) က KNU/PDF များ မိုင်းခွဲဖျက်ဆီးခဲ့ကြကြောင်း မြန်မာ့ မီးရထားက သိရသည်။
အဆိုပါ မိုင်းပေါက်ကွဲရာနေရာမှာ သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအုပ်စု၊ ကလိကျွန်းကျေးရွာနှင့် ကျွန်းချောင်းရွာကြား မြောက်ဘက် (၁၂)မိုင်ခန့်အကွာနေရာဖြစ်သည်။ အဆိုပါနေရာသို့ နယ်မြေခံလုံခြုံရေးအဖွဲ့များ သွားရောက်စစ်ဆေးခဲ့ရာ မော်လမြိုင်-ရန်ကုန်သွား ရထားလမ်း မိုင်တိုင်အမှတ် (၁၂၄/၉)နှင့် (၁၂၄/၁၀)အကြား၊ အရှည်(၆၀)ပေ အကျယ်(၃)ပေရှိ တံတားအမှတ်(၇၈) မှာ မိုင်းခွဲဖျက်ဆီးခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
KNU/PDF များ၏ မိုင်းထောင် ဖောက်ခွဲခဲ့မှုကြောင့် တံတားရှိ မီးရထားသံလမ်း ဘယ်၊ ညာတစ်ဖက်စီတွင် တစ်ဖက် တစ်ပေခွဲခန့်စီ (၂) နေရာ ထက်ပိုင်းပြတ်ထွက်ခဲ့ပြီး သံလမ်းပျက်စီးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ဒီမနက်က ပုံမှန်ပြန်ထွက်နေပါပြီ။ မနက်ကတော့ နည်းနည်းနောက်ကျတာပေါ့။ လမ်းပြင်နေတာမို့ အချိန် နည်းနည်းနောက်ကျတာပါ။ နည်းနည်းတော့ ထိတာပေါ့။ ဒါပေမဲ့ ရထားဖြတ်လို့ ရအောင်တော့ ပြင်ဆင်လိုက်ရတာပေါ့”ဟု မြန်မာ့ မီးရထား၏ အရာရှိတစ်ဦးက MT News ကို မေလ ၂၁ ရက် နေ့လယ်ပိုင်းက ပြောသည်။
အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှစ၍ ယခုအချိန်ထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ၊ ဖျက်ဆီးခြင်း အကြိမ် ၁၃၀ ကျော် ၊ ရထားတံတားများကို မိုင်းခွဲဖျက်ဆီးခြင်း အကြိမ် ၅၀ ကျော်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း ၁၂ ကြိမ် ခန့်ကျူးလွန်ခဲ့ကြပြီးဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ (Photo – SBM)