၂၁.၅.၂၀၂၄
Written by Hey Mar
YBS ကားပေါ်မှာ နေပူလို့ ပြတင်းကို အင်္ကျီနဲ့ ကာပြီးစီးရာက ကားပေါ်က အဆင်းမှာ အင်္ကျီ မေ့ကျန်ခဲ့တာကြောင့် သင်တန်းကြေးအတွက်သုံးမယ့် ရွှေနဲ့ ငွေကြေးတချို့ပါ ပါသွားလို့ တွေ့ရှိပါက အကူအညီပေးဖို့ စောနေလင်းဆိုသူတိုင်းရင်းသားလူငယ်က YBS လမ်းညွှန်ကနေတစ်ဆင့် အကူအညီတောင်းထားပါတယ်။
သူစီးလာတဲ့ ယာဉ်လိုင်းနံပါတ်လည်း သူမမှတ်မိသလို ရွှေပြည်သာမြို့နယ် ထန်းခြောက်ပင် ကျော်စွာမှတ်တိုင်ကနေ တက်ရောက်စီးနင်းလာပြီး တာမွေကျောက်မြောင်းမှတ်တိုင်မှာ သူဆင်းခဲ့တာလို့သာ သိရှိရပါတယ်။ နယ်ကနေ ရန်ကုန်တက်လာပြီး ပြည်ပထွက်ခွာဖို့ ဂျပန်စာ ရန်ကုန်မှာလာရောက်သင်ကြားတဲ့ ရှမ်းပြည်နယ်ရဲ့ မငြိမ်းချမ်းတဲ့ ဒေသမှာနေထိုင်သူလူငယ်က “ကျွန်တော်နာမည်က စောနေလင်းပါ။ နောင်ချိုဘက်က ရွာကပါ။ ရန်ကုန်မှာသင်တန်းတက်ဖို့လာတာပါ။ ကားပေါ်ကျန်ခဲ့တဲ့ အကျီထဲမှာ ငွေ တစ်သောင်းတစ်ထောင်နဲ့ ဟုမ္မလင်းရွှေ ရွေး၂၀ ကျန်ခဲ့ပါတယ်။ ဘာလို့ လွယ်အိတ်ထဲမထားလဲဆိုတော့ ခါးပိုက်နှိုက်များတယ်ဆိုတော့ ပျောက်မှာစိုးလို့ ကိုယ်နဲ့မကွာထားရာက ပြတင်းမှာညပ်ပြီး နေပူကာထားရင်း ဆင်းရမယ့်မှတ်တိုင်အရောက် မေ့ကျန်ခဲ့တာပါ။ အလှူငွေမလိုချင်ပါဘူး တွေ့ရင်သာ 09695247946 ကို ပြန်ဆက်သွယ်ပေးပါ “လို့ အကူအညီတောင်းခံထားပါတယ်။
သူ့အင်္ကျီက ခဲရောင်အနွမ်းလေးဖြစ်ပြီး ကားပေါ် အိပ်ပျော်ပြီး စီးလာခဲ့တာလို့ ဆိုပါတယ်။ သူနိုးတဲ့အချိန် သူဆင်းမယ့် မှတ်တိုင်ရောက်နေတာကြောင့် အမြန်ဆင်းမိရာက အင်္ကျီကို မေ့ကျန်ခဲ့တာမို့ ဘယ်သူမှ မယူဘဲ ကားပေါ်ကျန်ခဲ့ပါက YBS ကားဆရာအနေနဲ့ တွေ့ရှိရင် သူ့ကို ပြန်လည်ဆက်သွယ်ပေးနိုင်အောင်သာ အခုလို YBS လမ်းညွှန်ကနေ တောင်းပန်အကူအညီတောင်းခံတာလို့ ဆိုပါတယ်။
ပုံစာ။ YBS ပေါ်ရွှေထည့်ထားသည့်ငွေနှင့်အင်္ကျီမေ့ကျန်ခဲ့၍ အကူအညီတောင်းသူ ကိုစောနေလင်း။