၂၁.၅.၂၀၂၄
Written by KL
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ လက်ပံကျင်းကျေးရွာတွင် နေအိမ်အဆောက်အအုံ ၁၄၀ မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က မေလ ၂၀ ရက် မွန်းလွဲပိုင်းက ငွေကျပ် ၂၆ သိန်းကျော်နှင့် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခဲ့သည်။
ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ရာတွင် လက်ပံကျင်းကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့သည့် အိုးခွက်ပန်းကန်၊ ခြင်ထောင်နှင် အဝတ်အထည်၊ တစ်ကိုယ်ရေသုံးပစ္စည်းများ ပါဝင်သော ထောက်ပံ့ရေးပစ္စည်းများနှင့် ရပ်ကွက်ပြည်သူများက ထောက်ပံသော ကျပ် ၃၆ သိန်း၊ ဆန်၂၅ အိတ်၊ ကြက်သွန်အိတ်နှင့် အဝတ်အထည်များကို မီးဘေးသင့်ပြည်သူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုဖြစ်စဥ်မှာ မေလ ၁၈ ရက် နံနက် ၁၁ နာရီကျော်က စေတုတ္တရာမြို့နယ်၊ လက်ပံကျင်းကျေးရွာရှိ ဦးသန်းထိုက်ထွန်း နေအိမ်တွင် ဝက်စာပြုတ်ထားရာမှ မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် ၁၃၆ လုံး၊ ကျေးရွာစာကြည့်တိုက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးနှင့် ဘော်ဒါဆောင်၂ လုံး စုစုပေါင်း နေအိမ်အဆောက်အအုံ ၁၄၀ မီးလောင်ဆုံးရှုံးခဲ့ကြောင်း မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူထံမှသိရသည်။
မီးလောင်မှုကြောင့် ဒေသခံ ၃၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး မီးလောင်မှုကြောင့် ပြေးလွှားနေစဥ် အသက် ၇၃ နှစ်အရွယ် အဘွားအိုတစ်ဦး ထိတ်လန့်ကာ သေဆုံးခဲ့သည်။ မီးလောင်မှုကို မြို့နယ်မီးသတ်တပ်ဖွဲ့က နယ်မြေလုံခြုံရေးအခြေအနေအရ မီးငြှိမ်းသတ်နိုင်ခြင်းမရှိသဖြင့် ကျေးရွာ၌ အခြေပြုလျက်ရှိသော နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံများက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ကြသည်။
“ရွာသားတွေလည်း နေရေး စားရေးအတွက် ခက်ခဲမှုတွေရှိနေပါတယ်။ အိမ်တွေဆုံးရှုံးခံရပြီး စာသင်ကျောင်းမှာ စုနေနေရတဲ့ ရွာသားတွေအတွက် တတ်နိုင်သလောက် ကူညီစေချင်ပါတယ်”ဟု စေတုတ္တရာမြို့ခံတစ်ဦးက ပြောသည်။
မီးဘေးသင့်ပြည်သူများကို ကူညီလှူဒါန်းလိုသူများအတွက် စေတနာ့အလင်းရောင် ပရဟိတမောင်နှမများအဖွဲ့ ဖုန်း ၀၉၅၁၉၄၃၀၆ ကို ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။