၂၁. ၅. ၂၀၂၄
Written by Ye Kyaw
ယခု မိုးရာသီကာလတွင် ပြည်ပခရီးသွား ပိုမိုဝင်ရောက်စေရန်အတွက် မန္တလေး၊ ပုဂံ စသည့် မိုးရွာသွန်းမှုနည်းသော နေရာများကို ပုံမှန်ဈေးနှုန်းထက် ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်း သက်သာသည့် Green Season Promotion များဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆွေးနွေးလျက်ရှိကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရသည်။
လာမည့် ဇူလိုင်နှင့် ဩဂုတ်လများအတွင်း ဥရောပနိုင်ငံများ၏ နွေရာသီကျောင်းပိတ်ရက်ဖြစ်ပြီး မိသားစုလိုက် ခရီးထွက်လေ့ရှိသည့် ရာသီချိန်ဖြစ်သည်။ ယင်းအချိန်များတွင် ထိုင်းနိုင်ငံ၏ ကမ်းခြေများသို့ ခရီးသွားဝင်ရောက်မှုအမြင့်ဆုံးအချိန်ဖြစ်၍ ဟိုတယ်နှင့် အခြားသောကုန်ကျစရိတ်များ ဈေးနှုန်းကြီးမြင့်သည့် ကာလလည်းဖြစ်သည်။
အဆိုပါ မိုးရာသီကာလများအတွင်း မြန်မာနိုင်ငံသို့ ခရီးသွားဝင်ရောက်မှု နည်းသည့်ကာလဖြစ်၍ မိုးရွာသွန်းမှုနည်းသည့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသ မန္တလေး၊ ပုဂံ စသည့်ဒေသများသို့ ကိုဗစ်-၁၉ ကပ်ရောဂါမတိုင်မီ ကာလများက Green Season အဖြစ် Promotion ချကာ စီစဉ်ဆောင်ရွက်မှုများရှိခဲ့ပြီး ယခုနှစ်တွင်လည်း ယင်းကဲ့သို့ ပြန်လည်ဆောင်ရွက်နိုင်ရန် ဆွေးနွေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
“အဲဒီလိုစီစဉ်ဖို့အတွက် ခရီးသွားအသင်းနဲ့ရော Myanmar Tourism Marketing နဲ့ရော၊ အဖွဲ့ချုပ်နဲ့ရော ဆွေးနွေးနေတာတော့ရှိတယ်။ တကယ် ဟိုတယ်တွေဘက်ကလည်း ပူးပေါင်းပါဝင်ပြီးတော့ ဈေးနှုန်းလည်း လျှော့ပေးမယ်ပေါ့။ Airline တွေကလည်း Flight တွေကို ဆွဲပေးမှရမှာ။ ဟိုတယ်တွေက လျှော့ပေးပြီး Air Line တွေက လေယာဉ်မဆွဲပေးရင်လည်း ဧည့်သည်က လာလို့မရဘူးလေ။ အဲဒါကို ဟန်ချက်ညီညီလုပ်ဖို့ရှိတယ်” ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း နာယက ဦးနောင်းနောင်းဟန်က MT News သို့ ပြောသည်။
အဆိုပါ မိုးရာသီကာလအတွင်း ပြည်တွင်းရှိဟိုတယ်ဈေးနှုန်းများ ပုံမှန်ဈေးနှုန်းထက် ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ သက်သာမှုရှိမည့်အပြင် ခရီးသွားလုပ်ငန်းများမှလည်း Promotion အစီအစဉ်များကိုပါ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးနောင်းနောင်းဟန်က ပြောသည်။
ယင်းကာလအတွင်း ပြည်တွင်း၌ လေကြောင်းခရီးစဉ် ပျံသန်းပြေးဆွဲမှု လျော့နည်းလေ့ရှိသဖြင့် လေကြောင်းခရီးစဉ်များ ပျံသန်းပြေးဆွဲပေးနိုင်ရန်လိုအပ်ပြီး အထူးသဖြင့် မန္တလေး-ဘန်ကောက် တိုက်ရိုက်ခရီးစဉ်များ ပြေးဆွဲပေးနိုင်ရန် လိုအပ်လျက်ရှိကြောင်း ဦးနောင်းနောင်းဟန်က ပြောသည်။