၂၁.၅.၂၀၂၄
Written by TZ
ထိုင်းနိုင်ငံ၌ ဆောက်လုပ်ရေးလုပ်သားအဖြစ်လုပ်ကိုင်နေသည့် အမျိုးသားတစ်ဦး ငြမ်းပေါ်မှပြုတ်ကျရာ ခါးရိုးကျိုး၍ နေပြည် တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ကုတင် (၁၀၀၀) ဆေးရုံ၌ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
ထိုအမျိုးသားကို မေလ ၂၀ ရက်နေ့တွင် မဲဆောက်မြို့မှ မြဝတီမြို့သို့ Z-Rescue (မြဝတီ) မှ သွားရောက်သယ်ဆောင်ပြီး ပေးဆပ်သူ Rescue အဖွဲ့မှ မြဝတီမြို့မှ အမြန်လမ်း ( ၁၇၃) မိုင်သို့ ပို့ဆောင်ကာ ဆွာ Rescue အဖွဲ့မှ ဇမ္ဗူသီရိမြို့ရှိ ကုတင် (၁၀၀၀) ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။
“ဒီလထဲမှာ စုစုပေါင်း ၃ ယောက်ရှိပြီ။ အဲ့ဒီလိုငြမ်းပေါ်ကနေ ပြုတ်ကျတာ။ ၁ ယောက်ကတော့ လည်ပင်းကျိုးလို့သွားကြိုတာ လမ်းမှာ သေသွားတယ်။ အခု သူက ခါးရိုးကျိုးတာ” ဟု ထိုင်းနိုင်ငံတွင် ငြမ်းပေါ်မှပြုတ်ကျပြီး ဒဏ်ရာရရှိသည့် အမျိုးသားကိုသွားရောက်သယ်ဆောင်သည့် ဒေသခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ဖြေကြားသည်။
ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့တွင်လည်း ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်နေသည့် အမျိုးသားတစ်ဦး ငြမ်းပေါ်မှပြုတ်ကျရာ လည်ပင်းရိုးကျိုးပြီး ဒေသခံလူမှုကူညီရေးအသင်းမှ သွားရောက်သယ်ဆောင်ရာ လမ်း၌သေဆုံးသောကြောင့် ထိုရုပ်အလောင်းကို ၎င်းနေထိုင်သည့် အောင်လံမြို့၊ ဂွေးချိုကျေးရွာသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။