၂၁.၅.၂၀၂၄
Written By Thandar
လက်ရှိ Mahar Application မှာ ထုတ်လွှင့်နေတဲ့ “ဆောင်တော်ကူး”ဇာတ်လမ်းတွဲက ရန်ပိုင်ရဲ့ Psycho ကာရိုက်တာအတွက် ပရိသတ်အမုန်းကိုရရှိနေသလို စိတ်နှစ်ပြီး ပုံဖော်ရကျိုးနပ်တယ်လို့ သရုပ်ဆောင်တိုင်ရွန်က ရင်ဖွင့်လာပါတယ်။
“ဆောင်တော်ကူးထဲက ရန်ပိုင်ကို ပရိတ်သတ်တွေ မုန်းတာလောက် မပြောနဲ့။ အိမ်ကလူတွေတောင် ကိုယ့်ကို နောက်ဗီလိန် မရိုက်ပါနဲ့တော့ဆိုပြီး ပြောတယ်။ စိတ် ၃ မျိုးလောက်ဖြစ်နေတဲ့ ရန်ပိုင်ရဲ့ Psycho ကာရိုက်တာကို ပထမဦးဆုံး စလုပ်တာပါ။ ဒီကာရိုက်တာမုဒ်ဝင်အောင် နိုင်ငံခြားဇာတ်လမ်းတွေကြည့် လေ့လာခဲ့ရတယ်။ ဒီအတွက် ကျွန်တော်ကျေနပ်ပါတယ်။ ရူးနေတဲ့ ကာရိုက်တာကို ရူးလောက်အောင် စိတ်နှစ်ပြီး ပုံဖော်ခဲ့ရကျိုးနပ်တယ်ပေါ့။ ဇာတ်လမ်းတစ်ခုရဲ့ Tempo ကို တစ်ဖက်တစ်လမ်းကနေ နည်းနည်းဖြစ်ဖြစ် ဆွဲတင်နိုင်ခဲ့ရင် ဆဲခံရလည်း ကျေနပ်တယ်” လို့ သရုပ်ဆောင်တိုင်ရွန်က ပြောပါတယ်။
ဒီဇာတ်လမ်းတွဲကိုတော့ ဒါရိုက်တာ ပွင့်သိင်္ဂီဇော်က သရုပ်ဆောင် ကောင်းပြည့်၊ တိုင်ရွန်၊ ချာလီ၊ မင်းတော်ဝင်၊ ရွှေသမီး၊ စင်ဒီမြတ်၊ လီလီကျော်ခိုင်၊ ယမုံ စတဲ့ သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်မှုတွေနဲ့ အကောင်းဆုံးပုံဖော်ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။
အပိုင်း (၂၅) ပိုင်းပါဝင်တဲ့ အချစ် ဒရမ်မာပုံစံ “ဆောင်တော်ကူး” ဇာတ်လမ်းတွဲကိုတော့ ညစဉ် ၇ နာရီ အချိန်တိုင်းမှာ Mahar Application မှာ ထုတ်လွှင့်ပြသလျက်ရှိတာလည်းဖြစ်ပါတယ်။