၂၁.၅.၂၀၂၄
Translated by Htwe Ko Tun
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး(ICC) ကအစ္စရေးအစိုးရရဲ့ အဆင့်မြင့်အရာရှိကြီးတွေနဲ့ ဟားမားစ်အုပ်စုခေါင်း ဆောင်တွေအား ဖမ်းဆီးခွင့်ဝရမ်းတွေထုတ်ပြန်ဖို့ကြိုးစားခဲ့ခြင်းအပေါ် အမေရိကန်ပြည်ထောင်စု သမ္မတဂျိုးဘိုင်ဒန်ရဲ့ အစိုးရအဖွဲ့က မေလ ၂၀ ရက်မှာ ပြင်းပြင်းထန်ထန်ရှုတ်ချမှု ပြုခဲ့ပါတယ်။ အိုင်စီစီရဲ့ဆောင်ရွက်မှုဟာ အကြမ်းဖက်အဖွဲ့အစည်းတစ်ခုနဲ့ အမေရိကန်ရဲ့ ထိပ်တန်းမဟာမိတ်နိုင်ငံတစ်ခုကို အဆင့်တစ်ခုထဲတန်းတူ ထားလိုက်ခြင်းပဲလို့လည်း အမေရိကန်အစိုးရက ပြောခဲ့ပါတယ်။
အိုင်စီစီတရားရုံးရဲ့ရှေ့နေ ကာရင်ခန်းက တရားရုံးအနေနဲ့ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျာမန်နေတန်ရာဟုနဲ့ ဟားမားစ်ခေါင်းဆောင် ယာဟာဆင်ဝါတို့အတွက် ဖမ်းဆီးခွင့်ဝရမ်းတွေကို ထုတ်ပြန်ဖို့ကြိုးစားနေတယ်လို့ CNN သတင်းဌာနကို ပြောခဲ့ပါတယ်။ ခန်းက တရားဥပဒေရဲ့ အထက်မှာ ဘယ်သူမှမရှိဘူးလို့ ဆိုခဲ့ပါတယ်။ ပါလက်စတိုင်းပြည်သူ သောင်းနဲ့ချီပြီးသေဆုံးရတဲ့အထိ စစ်ပွဲဆင်နွှဲမှုနဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်က အစ္စရေးနိုင်ငံတောင်ပိုင်းကို ဝင်ရောက်အကြမ်း ဖက်တိုက်ခိုက်မှုတွေအတွက် သူတို့နှစ်ဦးကို စစ်ရာဇဝတ်မှုနဲ့လူသားချင်းစာနာမှုကို ဆန့်ကျင်ဆောင်ရွက်တဲ့စွဲချက်တွေနဲ့ တရားစွဲသွားမယ်လို့လည်း ခန်းကပြောခဲ့ပါတယ်။
ဒါ့ပြင် အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအက်ဗ်ဂယ်လန့်ကိုလည်း ဟားမားစ်ထိပ်တန်းခေါင်းဆောင်တွေနဲ့အတူ ဖမ်းဝရမ်း ထုတ်ဖို့ အိုင်စီစီ ရှေ့နေအဖွဲ့က ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။
မေလ ၂၀ ရက်က ထုတ်ပြန်တဲ့ကြေညာချက်မှာတော့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အိုင်စီစီရဲ့လုပ်ဆောင်ချက်ကို လုံးဝလက်မခံနိုင်ဘူးလို့ ဖော်ပြခဲ့ပါတယ်။
အစ္စရေးနဲ့အမေရိကန်ပြည်ထောင်စုတို့ကတော့ အိုင်စီစီရဲ့ အဖွဲ့ဝင်နိုင်ငံတွေ မဟုတ်ပါဘူး။ ဒါပေမယ့် တကယ်လို့ အိုင်စီစီအနေနဲ့ နေတန်ရာဟုနဲ့ ယိုအက်ဗ်ဂယ်လန့်တို့ကို ဖမ်းဝရမ်းထုတ်ပြန်ဖို့ သဘောတူခဲ့တယ်ဆိုရင် အစ္စရေးခေါင်းဆောင်တွေအနေနဲ့ အိုင်စီစီတရားရုံးရဲ့ ဥပဒေတွေကို လက်ခံတဲ့အဖွဲ့ဝင် နိုင်ငံ ၁၂၄ နိုင်ငံကို ခရီးသွားဖို့အတော်လေးခက်ခဲပါလိမ့်မယ်။ ဒီနိုင်ငံတွေမှာ ဗြိတိန်နဲ့ဂျာမနီတို့လို အမေရိကန်ရဲ့ ထိပ်သီးမဟာမိတ်နိုင်ငံတွေလည်းပါဝင်မှာဖြစ်ပြီး တရားရုံးဥပဒေတွေအရ ဖမ်းဝရမ်းထုတ်ခံထားရသူတွေကို အဖွဲ့ဝင်နိုင်ငံတွေက ဖမ်းဆီးပြီး ပြစ်မှုကျူးလွန်ခဲ့ရာနိုင်ငံကို လွှဲပေးဖို့တာဝန်ရှိလာမှာပါ။
ဂါဇာကမ်းမြောင်ဒေသလူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းခန့်ရှိတဲ့ ၉၀၀,၀၀၀ ခန့်သော ဂါဇာပြည်သူတွေဟာ အစ္စရေးက ဒေသအတွင်း ပြီးခဲ့တဲ့နှစ်ပတ်ကာလမှာ အဆက်မပြတ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အိုးအိမ်တွေကိုစွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂထုတ်ပြန်မှုအရ သိရပါတယ်။
Ref- CNN