၂၁.၅.၂၀၂၄
Written By Thandar
ပရိသတ်စိတ်ဝင်စားမှု မြင့်တင်နေတဲ့ “ဖုန်းရွှေ” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show အခမ်းအနားကို ယမန်နေ့ မေလ ၂၀ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့် ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“တကယ်တော့ ကျွန်တော့်အနေနဲ့ ဖုန်းရွှေဆိုတဲ့ ဇာတ်ဖြစ်ပေါ်လာဖို့ အဓိက ဆရာဦးဟိန်းလတ်ရဲ့ စာအုပ်တွေဖတ်ပြီး ဖြစ်တည်လာခဲ့ပါတယ်။ ဆရာဦးဟိန်းလတ်ကိုလည်း အထူးပဲကျေးဇူးတင်ပါတယ်။ ဖုန်းရွှေဆိုတဲ့အတိုင်း ပရိသတ်နဲ့ ရင်ဘတ်ခြင်းထိမလားဆိုတာ လက်တွေ့လာကြည့်စေချင်ပါတယ်။ သရဲတစ္ဆေကြိုက်တဲ့ ပရိသတ်တွေထင်ထားသလို ဒီဇာတ်ကားရဲ့ ဇာတ်သိမ်းမှာ ကျွန်တော်ထွက်လာတာတော့ မဟုတ်ပါဘူး။ ဇာတ်ကားအဆုံးထိ ကြည့်ရင်တော့ ပရိသတ်တွေ ဘယ်လိုဆိုတာ သိမြင်ရမှာပါ” လို့ ဒါရိုက်တာ ညိုမင်းလွင်က MT Entertainment ကိုပြောပါတယ်။
ညကျောင်းထုတ်လုပ်ရေးက ပရိသတ်တွေအတွက် ထူးခြားမှုရသတွေကို အမြဲဖန်တီးပေးလေ့ရှိသလို ဇာတ်လမ်း၊ ဇာတ် ညွှန်းပိုင်းရော ဒါရိုက်တာအနေနဲ့ ရိုက်ကူးထားတဲ့ ညိုမင်းလွင်ရဲ့ တရုတ်စကားပြော မြန်မာသရဲကားတစ်ကားလည်းဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်သစ်တွေဖြစ်တဲ့ ထက်ယံပိုင်၊ စိုးစံအောင်၊ အေမီစျာန်၊ ဟန်နာ၊ V V Cheng၊ မေလန်း၊ ဇင်ဇင်ဝင်းရံ၊ Kitty Lay၊ ဒေါ်ချို စတဲ့သူတွေ ပါဝင်သရုပ်ဆောင်ထားတာလည်း ဖြစ်ပါတယ်။
“ဖုန်းရွှေ” ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ လာမယ့် မေလ ၂၄ ရက်မှာ မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာလည်း ဖြစ်ပါတယ်။