၂၁.၅.၂၀၂၄
Written by TZ
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ၁၂၆ လမ်းရှိ တိုက်ခန်းထဲ၌ ပုပ်ပွပြီးသေဆုံးနေသည့် သင်္ဘောသားလူပျိုကြီးတစ်ဦး၏ရုပ်အလောင်းနှင့် ဗိုလ်မင်းရောင်လမ်းမပေါ် ရှီအာသင်္ချိုင်းရှေ့၊ ပလက်ဖောင်းပေါ်တွင် သေဆုံးနေသည့်အမျိုးသားတစ်ဦး၏ စွန့်ပစ်ရုပ်အလောင်းတို့ကို ယမန်နေ့က ကူညီရှင်းလင်းပေးခဲ့ရသည်ဟု မင်္ဂလာတောင်ညွန့်လူငယ်လူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဥ်များမှာ မေလ ၂၀ ရက် နေ့လည် ၁၂ နာရီ ၃၈ မိနစ်အချိန်တွင် ၁၂၆ လမ်းရှိ တိုက်ခန်းများတွင် အပုပ်နံ့ရရှိသောကြောင့် ထိုတိုက်ခန်းအနီးရှိသူများမှ လိုက်လံရှာဖွေရာတွင် တိုက်ခန်းထဲ၌ ပုပ်ပွပြီးသေဆုံးနေသည့် သင်္ဘောသားလူပျိုကြီးတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိရသောကြောင့် ရုပ်အလောင်းကို မင်္ဂလာတောင်ညွန့်လူငယ်လူမှုကူညီရေးအသင်းနှင့် သပြေကုန်းလူမှုကူညီရေးအသင်းတို့မှ ပူးပေါင်း၍ သယ်ဆောင်ပေးခဲ့ကြောင်း သိရသည်။
“အပုပ်နံ့ရလို့ အဲ့ဒီတိုက်နားကသူတွေက လိုက်ရှာတာ။ အဲ့ဒီမှာတွေ့တာ။ သူက သင်္ဘောသားလူပျိုကြီး။ အသက်က (၄၀) ဝန်းကျင်လောက်ရှိတယ်”ဟု မင်္ဂလာတောင်ညွန့်လူငယ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ဖြေ ကြားသည်။
ထို့အတူ ညနေ ၅ နာရီ ၈ မိနစ်ခန့်တွင်လည်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဗိုလ်မင်းရောင်လမ်းမပေါ်ရှိ ရှီအာသချိုင်းရှေ့၊ ပလက်ဖောင်းပေါ်တွင် စွန့်ပစ်ခံထားရသည့် ရုပ်အလောင်းကိုလည်း တွေ့ရှိခဲ့ပြီး ထိုဖြစ်စဥ်အပေါ် မင်္ဂလာတောင်ညွန့်လူငယ်လူမှုကူညီရေးအသင်းမှ “သေပြီးသားအလောင်းကို လာပစ်ထားတာလို့ သိရတယ်။ ဘာလို့သေတယ်ဆိုတာတော့ မသိဘူး။ သူက ကျောက်တံတားမှာနေတာ” ဟု MT News သို့ ဖြေကြားသည်။