November 1, 2024

၂၀.၅.၂၀၂၄
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ်အတွင်းရှိ ဆာဗားနားမြို့တွင် ကမ္ဘာလှည့်ခရီးသွားများ စည်ကားရာနေရာတစ်ခု၌ အမျိုးသမီးနှစ်ဦး ငြင်းခုံစကားများကြမှုတစ်ခုမှ သေနတ်နှင့်ပစ်ခတ်မှုတစ်ရပ် ဖြစ်ပွားကာ လူ ၁၁ ဦးအထိ ဒဏ်ရာရရှိစေခဲ့မှုတစ်ရပ် မေလ ၁၈ ရက် ညပိုင်းကဖြစ်ပွားခဲ့ရကြောင်း သိရသည်။

၎င်းပစ်ခတ်မှုက ဆာဗားနားမြို့တွင် ရက်သတ္တပတ်အကုန်ရက်များအတွင်းဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုငါးခုအနက် တစ်ခုဖြစ်ကာ ပစ်ခတ်မှုနှစ်ခုမှာ လူသေဆုံးသည်အထိဖြစ်စေခဲ့ကြောင်း ဒေသအာဏာပိုင်များက ပြောကြသည်။

ဆာဗားနားမြို့၌ မေလ ၁၇ ရက်ကဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုများတွင် လူနှစ်ဦးဒဏ်ရာရခဲ့သည်။ မေလ ၁၈ ရက်က ဖြစ်ပွားသည့် ပစ်ခတ်မှုနှစ်ခုတွင်မူ လူနှစ်ဦးသေဆုံးခဲ့ရသည်။ထို့နောက် အဆိုပါအမျိုးသမီးနှစ်ဦး စကားများရာမှဖြစ်ပွားရသည့် ပစ်ခတ်မှုက ညသန်းခေါင်မတိုင်မီ ဆာဗားနား အီလစ်ရင်ပြင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

၎င်းတို့နှစ်ဦး အပြန်အလှန်ပစ်ခတ်မှုက ပတ်ဝန်းကျင်ရှိအခြားသူများလည်း ၎င်းတို့သေနတ်များကိုထုတ်ကာ တစ်ဦးကိုတစ်ဦး ပစ်ခတ်ကြသည်အထိဖြစ်ကုန်ကြသည်တွင် လူအများအပြားဒဏ်ရာရခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောခဲ့သည်။ ဒဏ်ရာရရှိသူ ၁၁ ဦးအနက် ၁၀ ဦးက သေနတ်ကျည်ဆံများထိမှန်ခဲ့ခြင်းဖြစ်ပြီး အခြားတစ်ဦးက အဘယ်ကြောင်ံ့ ဒဏ်ရာရသည်ကိုမူ ရဲတပ်ဖွဲ့က မပြောကြားခဲ့ပေ။ သို့သော် အသက်အန္တရာယ်စိုးရိမ်ရလောက်အောင် ဒဏ်ရာရရှိသူမရှိဟု သိရသည်။

ဤသို့ပစ်ခတ်မှုများဖြစ်ပွားရခြင်းမှာ သေနတ်ကိုင်ဆောင်မှုများတိုးတက်များပြားလာ၍ဖြစ်ပြီး သင့်တင့်သော လက်နက်ထိန်းချုပ်မှုဥပဒေများပြုလုပ်ရန်လိုကြောင်း မြို့တော်ဝန် ဗင် ဂျွန်ဆန်က ပြောခဲ့သည်။ ၎င်းက သေနတ်ပိုင်ရှင်များကို ခိုးယူခံရမှုများမရှိစေရေး သိမ်းဆည်းရန်လိုကြောင်းနှင့် လက်နက်များ ကိုင်ဆောင်သယ်ယူသွားလာသူများသည်လည်း ၎င်းတို့ကို မည်ကဲ့သို့နှင့် မည်သည့်အခါ အသုံးပြုမည်ကို သိကြရန်လိုကြောင်း ပြောခဲ့သည်။

Ref- AP

Leave a Reply

Your email address will not be published. Required fields are marked *