November 1, 2024

၂၀. ၅. ၂၀၂၄
Written by Nyein Kyaw

မြန်မာနိုင်ငံသည် ထိုင်ဝမ်နှင့် သံတမန်အရေးဆက်ဆံမှုမရှိသလို နိုင်ငံတစ်ခုအဖြစ်လည်း အသိအမှတ်ပြုထားခြင်းမရှိကြောင်းနှင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒ (One China Policy) အပေါ် ခိုင်မာစွာရပ်တည်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့တွင် ပြောကြားသည်။

ထိုင်ဝမ်သမ္မတအသစ်လိုင်ချင်းတယ် ယနေ့တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးနောက် မီဒီယာများက မြန်မာနိုင်ငံ၏ သဘောထားရပ်တည်ချက်နှင့် ပတ်သက်ပြီး မေးမြန်းမှုများအပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ဒါနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ သဘောထားရပ်တည်ချက်ကတော့ မြန်မာနိုင်ငံဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ (People’s Republic of China) စတင်တည်ထောင်ကတည်းက အစောဆုံး အသိအမှတ်ပြုထောက်ခံတဲ့နိုင်ငံများမှာ ပါဝင်ခဲ့တဲ့နိုင်ငံများမှာ ပါဝင်ခဲ့တဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ မြန်မာနိုင်ငံဟာ မဟာဗျူဟာမိတ်ဖက်နိုင်ငံတွေဖြစ်ပြီး ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို အစဉ်အဆက်ထိန်းသိမ်းခဲ့တဲ့ အိမ်နီးချင်းမိတ်ဆွေကောင်းနိုင်ငံတွေဖြစ်ပါတယ်။ ပြီးရင် တရုတ်နိုင်ငံထဲမှာ စစ်ရှုံးပြီးတော့ မြန်မာနိုင်ငံထဲကို ကျူးကျော်ဝင်ရောက်ပြီး တရုတ်ကို ပြန်လည်တိုက်ခိုက်ဖို့ လုပ်ဆောင်ခဲ့တဲ့ ကူမင်တန် တရုတ်ဖြူတပ်တွေကို ၁၉၅၃ ခုနှစ်တုန်းက မြန်မာ့တပ်မတော်က စစ်ဆင်ရေးကြီး ၁၁ ခုနဲ့ ချေမှုန်းခဲ့ရပါတယ်။ ဒီတရုတ်ဖြူတပ်တွေကို အဲဒီတုန်းက မြန်မာနိုင်ငံအတွင်းထဲမှာ ရောက်နေတဲ့ တရုတ်ဖြူတပ်တွေကို ထောက်ခံအားပေးပြီး ထောက်ပံ့ပေးနေတာလည်း အမေရိကန်နိုင်ငံပဲဖြစ်ပါတယ်။ အဲဒီမှာ အားလုံးသိကြမှာပဲ။ ကျွန်တော်တို့ လေကြောင်းတိုက်ပွဲပေါ့။ ဗိုလ်ပီတာရဲ့ လေကြောင်းတိုက်ပွဲဆိုတာ ထင်ရှားတဲ့ တိုက်ပွဲဖြစ်ပါတယ်။ အမေရိကန်က တရုတ်ဖြူကို ကူညီထောက်ပံ့နေတဲ့ သယ်ယူပို့ဆောင်ရေး စစ်လေယာဉ်ကို တိုက်ခိုက်ခဲ့ရတဲ့ စီးချင်းထိုးတိုက်ပွဲဖြစ်တယ်။ အဲဒီတိုက်ပွဲတွေမှာ မြန်မာ့တပ်မတော်နဲ့ မြန်မာပြည်သူတွေရဲ့ အသက်သွေချွေးများစွာ ပေးဆပ်ခဲ့ရပါတယ်။ မြန်မာနိုင်ငံဟာ ထိုင်ဝမ်နဲ့ သံတမန်အဆက်အသွယ်မရှိသလို နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုထားခြင်းလည်းမရှိပါဘူး။ မြန်မာနိုင်ငံဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စတင်ပေါ်ပေါက်လာကတည်းက ဒီကနေ့အထိ တရုတ်တစ်နိုင်ငံတည်းမူဝါဒ One China Policy ပေါ်မှာ ခိုင်မာစွာရပ်တည်ထောက်ခံခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။ ဆက်လက်ပြီး ခိုင်မြဲစွာ ရပ်တည်သွားမှာပဲဖြစ်ပါတယ်။ ကျွန်တော်တို့နှစ်နိုင်ငံ ကဏ္ဍပေါင်းစုံချစ်ကြည်ရင်းနှီးမှုကို အမြဲအလေးထားဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထိုင်ဝမ်သမ္မတအသစ် လိုင်ချင်းတယ်သည် ယနေ့တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး အဆိုပါအခမ်းအနားတွင် တရုတ်နိုင်ငံအနေဖြင့် ထိုင်ဝမ်ကို နိုင်ငံရေး၊ စစ်ရေးအရပါ ခြိမ်းခြောက်နေမှုကို ရပ်တန့်ရန်နှင့် ထိုင်ဝမ်ရေလက်ကြားနှင့် ဒေသတွင်း ငြိမ်းချမ်းရေးပူးပေါင်းတည်ဆောက်ဖို့ တရုတ်နိုင်ငံကို တိုက်တွန်းလိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် သမ္မတအသစ် လိုင်ချင်းတယ်က ရွေးကောက်ပွဲကာလများတွင်လည်း ဒီမိုကရေစီအရေးနှင့် လွတ်လပ်ခွင့်များအတွက် အညံ့ခံမှာမဟုတ်ဘဲ ထိုင်ဝမ်သည် လွတ်လပ်ပြီးသားဖြစ်ကြောင်း အသုံးအနှုန်းကို အမြဲသုံးနှုန်းခဲ့သူလည်းဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *