၂၀. ၅ .၂၀၂၄
Written by Hey Mar
ပဲခူးတိုင်းဒေသကြီး မုန်းမြို့က မြေမြှုပ်မိုင်းထိ လူနာမစန်းစန်းဦး ခြေထောက်တွေ ဖြတ်တောက်ခွဲစိတ်ကုသနိုင်ဖို့ ဒီနေ့ နေ့လယ် ၂ နာရီမှာ တောင်ငူဆေးရုံကြီးရဲ့ခွဲစိတ်ခန်းကို ဝင်ခဲ့ရပါတယ်။ အိုသွေးအမျိုးအစားကိုမှ (RH)အုပ်စု အနုတ်မို့ သူ့အတွက်သွေးရရှိဖို့ အတော်ခက်ခဲခဲ့လို့ ခွဲစိတ်ခန်းဝင်ဖို့ရာမှာလည်း ကြန့်ကြာခဲ့ရရှာပါတယ်။
မစန်းစန်းဦးက ပြီးခဲ့တဲ့မေလ ၁၈ ရက် နေ့လယ် ၃ နာရီမှာ သူနေ့စဥ်သွားလာနေတဲ့ သူနေထိုင်ရာ အိမ်အနီးမှာတင် မြေမြှုပ်မိုင်း နင်းမိခဲ့တာပါ။ သူနဲ့အတူ အိမ်နီးချင်းသူငယ်ချင်းမဖြစ်သူလည်း ထိခိုက်ခဲ့ပေမယ့် သူ့လောက်တော့ အခြေအနေ မဆိုးရွားခဲ့ပါဘူး။ သူမကတော့ ခြေထောက်နှစ်ဖက်စလုံး ပျက်စီးခဲ့ရပါတယ်။
မြေမြှုပ်မိုင်းထိလူနာကို ဖြူးဆေးရုံဆီ အမြန်ပို့ဆောင်ပေးနိုင်ခဲ့တဲ့ Save The Tree အဖွဲ့မှ ကိုကျော်သူရက”ငယ်သေးတာဗျာ။ ၂၀ကျော်ပဲ ရှိမယ်။ အသက်က။ သူတို့က မုန်း (၁) ရပ်ကွက်ကတဲ့။ အခုဖြစ်တာက သူတို့နေတဲ့ မုန်းချောင်းဘေးက တဲမှာဖြစ်တာ။ ရေဆင်းခပ်ရင်း ဖြစ်တယ်လို့ ကြားရတယ်။ တဲနဲ့ အတောင် ၂၀ လောက်ပဲ ကွာတဲ့နေရာမှာ ဖြစ်သွားတာတဲ့” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
Save the tree အဖွဲ့က တောင်ငူကနေ မုန်းမြို့ကို စစ်ရှောင်လူနာက ပြန်ချင်တယ်ဆိုလာလို့ ပြန်လိုက်ပို့ရာကနေ မြို့အထွက်နားမှာ ပုခက် ထမ်းစင်လုပ်ကာ သယ်ဆောင်လာတဲ့ မစန်းစန်းဦးတို့ကို တွေ့ရှိပြီးကူညီနိုင်ခဲ့တာပါ။
“ကျွန်တော်တို့ မြို့ထဲအဝင်က နေ့ခင်းဆိုတော့ စစ်ဆေးရေးဂိတ် ၂ ဂိတ်လောက် ဖြတ်ရတယ်။ ပြန်ဖို့ကြ အချိန်မမှီတာနဲ့ အဲဒီ့မုန်းမြို့မှာပဲ တစ်ညနေခဲ့ရတယ်။ မြို့က အတော်ပျက်စီးနေပြီး အိမ်ခြေ တစ်ရာ ရာခိုင်နှုန်းမှာ ဆယ်ရာခိုင်နှုန်းလောက်ပဲ အကောင်းကျန်မယ်။ လူလည်းတစ်ခါတရံမှတွေ့ရတော့တယ်။ ရှိတဲ့သူတွေကလည်း အိမ်ထဲ အိမ်ပြင် သိပ်မထွက်ကြဘူး။ ကျွန်တော်တို့လည်း နှစ်ဖက်အဖွဲ့အစည်းက သတ်မှတ်ပေးတဲ့အတိုင်းပဲ သွားလာရဲတယ်။ အဲ့ဒါတောင်အနီးအနားမှာ မြေမြှုပ်မိုင်းတွေရှိတယ်လို့ သတိပေးလိုက်သေးတယ်”လို့ ကိုကျော်သူရက သူ့အတွေ့အကြုံကို ပြောပါတယ်။
မုန်းမြို့ကနေ ပြန်အထွက် ညနေအတော်စောင်းနေပြီး မြို့ပိတ်ချိန်ဖြစ်နေပေမယ့် အရေးကြီးလူနာ မစန်းစန်းဦး ပါလာတဲ့အတွက် စစ်ဆေးရေးအဆင့်ဆင့် ၇ ခုခန့် ဖြတ်ကျော်ခဲ့ရကာ လွယ်ကူမြန်ဆန်စွာပဲ ဖြတ်ကျော်နိုင်လိုက်တယ်လို့ သူက ဆက်ပြောပါတယ်။ တောင်ငူဆေးရုံကြီးဆီ တိုက်ရိုက်တင်ပို့ဖို့ အမြန်မောင်းနှင်ပေမယ့် လူနာက သွေးထွက်များကာ အခြေအနေဆိုးလာလို့ ဖြူးဆေးရုံဆီ အရေးပေါ်တင်ပို့ခဲ့ရတယ်လို့သိရပါတယ်။
“ဖြူးဆေးရုံမှာ အသက်လုရတယ်။ ဆေးရုံရောက်တော့ သွေးက ၄ ရာခိုင်နှုန်းလောက်ကျန်တော့တာလို့ ပြောပြကြတယ်။ မနက်က (မေ ၂၀ ရက်) တောင်ငူထပ်လွှဲလို့ တင်ပို့အပြီး အခု နေ့လယ် မဖြစ်မနေ အခြေအနေနဲ့ ခွဲခန်းဝင်နေရတယ်” လို့ ကိုကျော်သူရက လူနာအခြေအနေကို ဆက်လက် ပြောပြပါတယ်။
Landmine (လူလုပ်မိုင်း)တွေနဲ့ ပတ်သတ်လို့ ဆက်စပ်လေ့လာရာမှာ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ပဥ္စမမြောက်လူအသေအပျောက်အများဆုံးနိုင်ငံ ဖြစ်ကြောင်းတွေ့ရှိရပြီး စစ်ပွဲရဲ့ လက်နက်အဖြစ် ရည်ရွယ်ထားပေမယ့် ကလေးတွေနဲ့ အရပ်သားတွေက မိုင်းရဲ့ဒဏ်ကို ပုံမှန်ခံစားနေကြရတယ်လို့ UNICFE ရဲ့ ထုတ်ပြန်ချက်မှာ တွေ့ရသလို မြေမြှုပ်မိုင်းရဲ့ အန္တရာယ်ကို ၂၀၀၈ ခုနှစ်ကစတင်ကာ နိုင်ငံတကာက သတိပြုမိလာကြပြီး ၂၀၁၂ ခုနှစ်မှာတော့ အမျိုးသားမိုင်းအန္တရာယ်ဆိုင်ရာ လုပ်ငန်းအဖွဲ့ (MRWG) ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနရဲ့ ဦးဆောင်မှုအောက်ကနေ UNICEF က ပူးတွဲသဘာပတိအဖြစ်ပံ့ပိုးကာ ဖွဲ့စည်းခဲ့ပေမယ့် COVID-19 ကူးစက်ရောဂါနဲ့ လက်ရှိနိုင်ငံရေးအကျပ်အတည်းတွေကြောင့် ဆက်လက်လုပ်ဆောင်ဖို့ ခက်ခဲတဲ့ စိန်ခေါ်မှုတွေရှိနေတယ်လို့လည်း အစီရင်ခံစာက ဖော်ပြထားပါတယ်။
“စစ်လက်ကျန်ဆိုးကျိုးတွေ၊ နယ်မြေမအေးချမ်းမှုတွေကို ဒေသခံတွေပဲ ခါးစည်းခံရတာ။ စီးပွားရေးတွေလည်း အရမ်းကျပ်တည်းကြတယ်။ ဒီအနေအထားမှာ သူတို့ရဲ့ လူမှုဘဝ အနာဂတ်တွေလည်း မဲ့နေပြီ။ ဒါကြီးပြီးရင်ရော ဘယ်လိုဖြစ်လာမှာလဲ။ ဒါတွေဘယ်လိုရှင်းမှာလဲ။ ဒီနေရာကမိုင်းကွင်းကြီးဖြစ်နေပြီ။ ကျွန်တော်တို့ကို သတိပေးတဲ့သူက ပြောတာတောင် မိုင်း ၂၀၀၀ ကျော်တယ်တဲ့။ ဒါတောင်တစ်ဖွဲ့တည်းက ထောင်ထားတာ။ အခြားအဖွဲ့ကလည်း ထောင်မှာပဲ”လို့ မုန်းမြို့ကို ဝင်ထွက်ခဲ့စဥ်မှာကြုံတွေ့ရတဲ့ အခြေအနေကို ကိုကျော်သူရက ပြောပါတယ်။