၂၀. ၅. ၂၀၂၄
Written by Ye Kyaw
ကမ္ဘာ့ရွှေဈေး ဒေါ်လာ ၂၄၅၀ အထိ မြင့်တက်လာ၍ဆိုကာ ပြည်တွင်းရွှေဈေး ကျပ် ၅၁ သိန်းကျော်အထိ မြင့်တက်လာခဲ့ပြီး ကမ္ဘာ့ရွှေဈေး အတက်အကျအပေါ်သာမူတည်နေသောကြောင့် မည်သည့်အချိန်တွင် ရွှေဈေးပြန်ကျမည်ကို မခန့်မှန်းနိုင်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။
“ဘယ်လောက်ထိ ဈေးပြန်ကျမယ်ဆိုတာကိုတော့ မှန်းလို့မရဘူး။ အဲဒါက ကမ္ဘာ့နိုင်ငံရေးအပေါ် မူတည်တယ်။ အစ္စရေးက ဗုံးသွားကြဲလိုက်ရင် တက်လာပြန်ရော။ ငြိမ်နေရင် ပြန်ကျလာပြန်ရော။ ကမ္ဘာ့ရွှေဈေး အတက်အကျပေါ်မှာပဲ မူတည်တယ်။ ဒေါ်လာဈေးကလည်း လှုပ်လာတာဆိုတော့လေ” ဟု ဦးမျိုးမြင့်က ပြောသည်။
ကမ္ဘာ့ရွှေဈေးနှုန်းသည် မေလ ၉ ရက်တွင် တစ်အောင်စလျှင် ၂၃၁၃ ဒေါ်လာသာရှိခဲ့ရာမှ ယနေ့တွင် တစ်အောင်စလျှင် ၂၄၄၈ ဒေါ်လာအထိ မြင့်တက်ခဲ့၍ ၁၀ ရက်ကျော်အတွင်း ဒေါ်လာ ၁၃၅ ဒေါ်လာ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
အလားတူ ပြည်တွင်းရွှေဈေးနှုန်းသည်လည်း မေလ ၉ ရက်တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၄၈ သိန်းဝန်ကျင်ရှိခဲ့ရာမှာ ယနေ့တွင် ကျပ် ၅,၁၁၀,၀၀၀ အထိ မြင့်တက်လာခဲ့ပြီး ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ၏ သတ်မှတ်ရည်ညွှန်းရွှေဈေးထက် ကျပ် ၁,၁၁၀,၀၀၀ အထိ မြင့်တက်နေသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့သည့် ကမ္ဘာ့ရွှေဈေးနှင့် ပြည်တွင်းရွှေဈေးနှုန်းများမှာ မေလ ၁၆ ရက်တွင် ကမ္ဘာ့ရွှေဈေး ၂၃၆၈ ဒေါ်လာ၊ ပြည်တွင်းရွှေဈေး ၄,၉၉၅,၀၀၀ ကျပ်၊ မေလ ၁၇ ရက်တွင် ကမ္ဘာ့ရွှေဈေး ၂၃၈၂ ဒေါ်လာ၊ ပြည်တွင်းရွှေဈေး ၅,၀၀၀,၀၀၀ ကျပ်၊ မေလ ၁၈ ရက်တွင် ကမ္ဘာ့ရွှေဈေး ၂၄၁၃ ဒေါ်လာ၊ ပြည်တွင်းရွှေဈေး ၅,၀၄၅,၀၀၀ ကျပ်၊ မေလ ၂၀ ရက်တွင် ကမ္ဘာ့ရွှေဈေး ၂၄၄၈ ဒေါ်လာ၊ ပြည်တွင်းရွှေဈေး ၅,၁၁၀,၀၀၀ ကျပ်ဖြင့် အသီးသီးဖြစ်ပေါ်ခဲ့သည်။