October 31, 2024

ပစ်ခတ်တိုက်ခိုက်ခံရသော ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို တွေ့ရစဥ်

၁၉. ၁၂. ၂၀၂၂

Written by Min Mahar

ပခုက္ကူမြို့တွင် လှည့်ကင်းဆောင်ရွက်နေသော ရဲတပ်ဖွဲ့​ဝင်များ ပစ်ခတ်တိုက်ခိုက်ခံရကာ တစ်ဦးဒဏ်ရာရရှိ၍ တစ်ဦးမှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၈ ရက်နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၆)ရပ်ကွက်၊ မြိုင်သာယာတိုးချဲ့ ကွက်သစ်ရပ်ရှိ ပခုက္ကူ-မြိုင်ကားလမ်းပေါ်တွင် လှည့်ကင်းဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များအား ပခုက္ကူမြို့ဘက်မှ မြိုင်မြို့ဘက်သို့ မောင်းနှင်လာသည့် ဖောကားအပြာရောင် ၁ စီးပေါ်မှ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ပခုက္ကူ-မြိုင်ကားပေါ်မှာ လှည်းကင်းလှည့်နေတဲ့ ရဲ ၅ ဦးကို ဖောကားပေါ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်သွားကြတယ်။ ရဲတစ်ဦးဒဏ်ရာရပြီး နေရာမှာပဲ တစ်ဦးသေသွားတယ်။ အဲဒီဒဏ်ရာရတဲ့ ရဲတစ်ဦးလည်း စိုးရိမ်ရတယ်ကြားတာပဲ” ဟု ၎င်းကားလမ်းအနီးနေထိုင်သူတစ်ဦးက ပြောသည်။

အဆိုပါပစ်ခတ်တိုက်ခိုက်မှုကြောင့် ရဲဒုတကအဆင့်ရှိသူတစ်ဦးသည် ဝဲဘက်ခြေခွင် ဖောက်ဝင်ဒဏ်ရာ (၁) ချက် ၊ ကျားအင်္ဂါစပ်ကိုဖောက်ဝင်ဒဏ်ရာ (၁) ချက် ၊ ဝဲဘက်ဒူးခေါင်းဖောက်ဝင်ဒဏ်ရာ (၁) ချက်၊ ဦးခေါင်းဝဲဘက်ဂျိုစောင်းကို ဖောက်ဝင်သွားသည့် ဒဏ်ရာ (၁) ချက်နှင့် ယာပေါင်ရှပ်ထိဒဏ်ရာ(၁) ချက်(စိုးရိမ်ရ)စသည့်ဒဏ်ရာများအသီးသီးရရှိခဲ့ပြီး ပခုက္ကူ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကာ ဆေးကုသမှုခံယူလျက်ရှိနေကြောင်း သိရသည်။

ထို့ပြင်ရဲတသအဆင့်ရှိသောသူတစ်ဦးမှာမူ နောက်ကျောဖောက်ဝင်ဒဏ်ရာ (၁) ချက် ၊ ယာဘက်ပေါင် ဖောက်ဝင် ဒဏ်ရာ (၁) ချက် ၊ ဝဲဘက်ပေါင်ဖောက်ဝင်ဒဏ်ရာ (၁) ချက်၊ ရင်ညွန့်တည့်တည့် ဖောက်ဝင်ဒဏ်ရာ (၁) ချက်နှင့် ယာလက်ကောက်ဝတ် ဖောက်ဝင်ဒဏ်ရာ (၁) ချက် စသည့် ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားသည့်နေရာတွင်ပွဲချင်းပြီး သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ဆိုသည်။

၎င်းအခင်းဖြစ်ရာနေရာသို့ နေ့လည် ၁ နာရီကျော်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာကြပြီး လိုက်လံရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *