၂၀.၅.၂၀၂၄
Written By Zun
စီးပွားရေးကျဆင်းလာသောကြောင့် တိရစ္ဆာန်အစာနှင့် ကြက်သားပေါက်ထုတ်လုပ်ရောင်းချမှုကို ခေတ္တရပ်နားထားမည်ဟု ကိုရီးယားကုမ္ပဏီ “CJ Feed Myanmar Co.,Ltd ” က တရားဝင် ထုတ်ပြန်လိုက်သည်။
အဆိုပါစက်ရုံဖုန်းသို့ MT News က ဆက်သွယ်မေးမြန်းစဉ် ဖုန်းကိုင်သူတစ်ဦးက တစ်ခြားတစ်ဦးသို့ လွှဲပြောင်းပေးရာ ယင်း လွှဲပြောင်းပြောဆိုသူက “ရှေ့ဆက်ပြီး ဘယ်လိုဆိုတာမျိုးကို ပြောလို့မရသေးပါဘူး။ လောလောဆယ်တော့ ထုတ်ပြန်ထားတဲ့အတိုင်းပေါ့နော်။ ကျွန်တော်တို့အနေနဲ့ အခြားအကြောင်းအရာတွေကိုတော့ ပြောဖို့မရှိသေးဘူး။ လောလောဆယ် ဘယ်သူမှလည်း တရားဝင်ပြောရေးဆိုခွင့် မရှိပါဘူးခင်ဗျာ”ဟု ပြောသည်။
၎င်းတို့ကုမ္ပဏီ၏ တရားဝင်ကြေညာချက်တွင် “လတ်တလောဖြစ်ပွားနေသော စီးပွားရေးလုပ်ငန်းများ လည်ပတ်မှုအကျပ် အတည်းသည် CJ Feed Myanmar Co., Ltd တွင်လည်း သက်ရောက်မှုရှိနေပြီး လက်ရှိကာလတွင် လုပ်ငန်းလည်ပတ်နိုင်မှုများသည် ယခင်ထက် ပိုမို၍ ကျဆင်းလျက်ရှိနေပါသည်။ ကုမ္ပဏီအနေဖြင့် အရောင်းအဝယ်လုပ်ငန်းများ ခက်ခဲလာခြင်း၊ ကုန်ကြမ်းကုန်ကျစရိတ်များတိုးမြှင့်လာခြင်းနှင့် ကုန်ကြမ်းရရှိမှုခက်ခဲခြင်းတို့ကို ရင်ဆိုင်နေရသည့်အပြင် လုပ်ငန်းလည်ပတ်ရန်အတွက် ထုတ်လုပ်မှု လုပ်သားအင်အားမလုံလောက်မှုများ ဖြစ်ပေါ်နေခြင်း စသည့် မလွန်ဆန်နိုင်သာဖြစ်ရပ်များ ဖြစ်ပေါ်နေသည့် အတွက်ကြောင့် ၂၀၂၄ ခုနှစ်၊ မေလ၊ (၂၈) ရက်မှစ၍ CJ ကုမ္ပဏီ၏ တိရစ္ဆာန်အစာနှင့် ကြက်သားပေါက်များ ထုတ်လုပ်ရောင်းချနေမှုကို ခေတ္တရပ်နားထားမည်ဖြစ်ပါသည်။”ဟု ဖော်ပြထားသည်။
ယင်းအပြင် CJ ၏အရောင်းကိုယ်စားလှယ်များ၊ ဖောက်သည်များအနေဖြင့် ကုန်ဖိုးကြွေးကျန်များကို လာမည့် ဇွန်လ၊ (၂၈) ရက်နောက်ဆုံးထား၍ CJ ကုမ္ပဏီသို့ မပျက်မကွက်ပြန်လည်ပေးသွင်းကြပါရန်လည်း မေတ္တာရပ်ခံထားသည်။
“CJ Feed Myanmar Co.,Ltd” သည် ကြက်သားဖောက်ခြင်းနှင့်ကြက်သားပေါက် စီးပွားဖြစ်ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ မြောင်းတကာ သံမဏိစက်မှုဇုန်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ကော်မရှင်၏ စာရင်းများအရ သိရသည်။ မြန်မာနိုင်ငံတွင် ယင်းလုပ်ငန်းလုပ်ကိုင်ရန် ၂၀၁၇ ခုနှစ်က ဒေါ်လာ ၁၇ သန်းခန့်ဖြင့် စတင်ရင်းနှီးမြုပ်နှံခဲ့ခြင်းဖြစ်ပြီး စီးပွားဖြစ်လည်ပတ်ခြင်းကို ၂၀၁၉ ခုနှစ် မေလက စတင်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ကိုရီးယား CJ ကုမ္ဗဏီအနေဖြင့် တောင်ကိုရီးယား၊ တရုတ်၊ ဗီယက်နမ်နှင့် မြန်မာအပါအဝင် နိုင်ငံ ၇ နိုင်ငံတွင် စက်ရုံ ၂၇ ရုံတည်ဆောက်လည်ပတ်နေခြင်းဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ အချက်အလက်များအရ သိရသည်။
အဆိုပါ “CJ Feed Myanmar Co.,Ltd” တွင် အလုပ်သမားများ၏ လုပ်ခလစာနှင့်ပတ်သက်၍ ဆန္ဒပြမှုတစ်ခု လွန်ခဲ့ သော၂၀၁၉ ခုနှစ်က ဖြစ်ပွားခဲ့သေးသည်။