၂၀. ၅ .၂၀၂၄
Written by Hey Mar
ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမ ဘီးလင်းမြို့အဝင်ဂိတ်ကို ဖြတ်သန်းဖို့စောင့်ဆိုင်းနေတဲ့ ၁၂ ဘီးယာဉ် ကုန်ကားယာဉ်မောင်း ကားပေါ်မှာအိပ်ပျော်လျှက် သေဆုံးခဲ့တာကြောင့် ဒီနေ့ မေလ၂၀ ရက် မနက် ၇ နာရီဝန်းကျင်က ရုပ်အလောင်းသွားရောက်သယ်ဆောင်ခဲ့ရတယ်လို့ ရှင်သန်ရေးနှင့်နာရေးကူညီမှုအသင်း-ဘီးလင်းမြို့မှ တာဝန်ရှိသူက MT News ကို ပြောပါတယ်။
မွန်ပြည်နယ်၊ ရန်ကုန် – မော်လမြိုင် ကားလမ်းပိုင်း ဘီးလင်းမြို့အထွက်မှာရှိနေတဲ့ ကျုံအိတ်တံတားဟာ မေလ ၁၁ ရက်နေ့ မနက်အစောပိုင်း ၂ နာရီဝန်းကျင်လောက်က KNU/KNLA နဲ့ PDF တွေ ထပ်မံမိုင်းခွဲဖျက်ဆီးလိုက်တာကြောင့် တံတားရဲ့ နှစ်ခြမ်းစလုံးပျက်စီးသွားပြီး ယာဥ်သွားယာဥ်လာတွေ လုံးဝလုပ်မရတော့ဘဲ ယာယီမြေသားလမ်းဖောက်လုပ်ကာ လမ်းလွှဲကနေ စနစ်တကျ စောင့်ဆိုင်းမောင်းနှင်နေရတာလည်း ဖြစ်ပါတယ်။
အဲ့ဒီလိုစောင့်ဆိုင်းရတဲ့အခါ သွားလာမှုကြန့်ကြာတာတွေ ဖြစ်ပေါ်နေပြီး အမှတ်တမဲ့ သတိမထားမိတဲ့ အပြုအမူကနေ အခုလို လူမတော်တဆ သေဆုံးခဲ့တာလို့ ဒေသခံလူမှုကူညီရေးအသင်းက မှတ်ချက်ပြုပါတယ်။
ရှင်သန်ရေးနှင့် နာရေးကူညီမှုအသင်း-ဘီးလင်းမြို့မှ တာဝန်ရှိသူက “မြို့အထွက်မှာ တံတားကျိုးနေတော့ ကားတွေကို မြို့ဝင်ဂိတ်က သေချာစိစစ်လွှတ်နေတာ။ လမ်းလွှဲနေရာမှာ ကားတွေ ပိတ်နေတာမျိုး မဖြစ်ရအောင်လို့။ အဲ့ဒါကြောင့် မြို့ဝင်ဂိတ်မှာ ကားတန်းတော့ ရှည်တာပေါ့။ မနေ့က အဲသည့်နားမှာ မိုးရွာသေးတယ်။ မိုးရွာတော့ သူက ကားခေါင်းခန်းတက်အိပ်ပြီး သူ့စပါယ်ယာကတော့ ကားစောင့်ရင်း ကားအောက်ဝင် အိပ်တယ်တဲ့။ ခေါင်းခန်းကို မှန်အလုံတင်အိပ်တယ်ပြောတယ်။ ဒီနေ့ မနက်စောစောကြတော့ ကားထွက်ဖို့ နှိုးတော့ နှိုးမရတော့တာနဲ့ ကျွန်တော်တို့ဆီ တာဝန်ရှိသူတွေက ဆက်သွယ်လာတာပါ” လို့ MT News ကို ပြောပါတယ်။
သေဆုံးသူယာဥ်မောင်းမှာ အသက် ၃၀ ဝန်းကျင်လူငယ်ဖြစ်ပြီး ပြင်ပဒဏ်ရာတစ်စုံတရာမရှိဘဲ ကားအတွင်းအလုံပိတ်မှန်တင်ကာအိပ်စဥ် အောက်စီဂျင်ပြတ်တောက်သေဆုံးတယ်လို့ ယူဆရကြောင်း လူမှုကူညီရေးအသင်းက ရောက်ရှိချိန်မှာ အလောင်းက တောင့်နေပြီဖြစ်တဲ့အတွက် ညလယ်ခန့်ကတည်းက သေဆုံးတာဖြစ်နိုင်တယ်လို့ ရုပ်အလောင်းသွားရောက်ကူညီသယ်ဆောင်ရာမှာ ကြုံတွေ့ရတဲ့ အခြေအနေကို ပြောပါတယ်။ ရုပ်အလောင်းကို ရှင်သန်ရေးနှင့်နာရေးကူညီမှုအသင်းယာဥ်နဲ့ ဘီးလင်းဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ထားကြောင်းသိရပါတယ်။