October 20, 2024

ပုံစာ- ယမန်နေ့က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည့် ထိုင်းနိုင်ငံရှိ ကွန်ဒိုနှင့်အိမ်ရာစီမံကိန်းအရောင်းပြပွဲတွင် မြန်မာနိုင်ငံသားများ လေ့လာဝယ်ယူနေမှုကို တွေ့ရစဉ် (Photo- Ye Kyaw)

၂၀. ၅. ၂၀၂၄
Written by Ye Kyaw

ထိုင်းနိုင်ငံတွင် ၂၀၂၄ ခုနှစ် ပထမသုံးလပတ်နှင့် ယခုမေလအတွင်း နိုင်ငံခြားသား ကွန်ဒိုဝယ်ယူမှု၌ မြန်မာနိုင်ငံက ဒုတိယနေရာအထိ ရောက်ရှိလာပြီး ဝယ်ယူမှုထပ်မံတိုးတက်နေ၍ လာမည့်လများတွင်လည်း ယင်းနေရာ၌ပင် ဆက်ရှိနေနိုင်ကြောင်း မြန်မာနိုင်ငံတွင် ထိုင်းနိုင်ငံရှိ ကွန်ဒိုနှင့် အိမ်ရာစီမံကိန်း ရောင်းချပွဲများ စီစဉ်ပေးနေသည့် 2B ASSET Company Limited ဒါရိုက်တာ Peter Boonsermsuwong က ပြောသည်။

“မြန်မာကတော့ ဒုတိယနေရာမှာပဲ ဆက်လက်တည်ရှိမယ်လို့ ယူဆပါတယ်။ ပြီးတော့ နောက်ထပ်လည်း ဝယ်ယူဖို့တိုးပွားမယ်လို့ ယူဆပါတယ်။ အခုမေလမှာလည်း ဒုတိယနေရာမှာပဲရှိပါတယ်” ဟု Peter Boonsermsuwong က ပြောသည်။

ထိုင်းနိုင်ငံတွင် ၂၀၂၄ ခုနှစ်၏ ပထမသုံးလပတ်ကာလအတွင်း နိုင်ငံခြားသားများက ဘတ်ငွေ ၁၈ ဒသမ ၀၂ ဘီလျံတန်ဖိုးရှိသည့် ကွန်ဒိုများကို ဝယ်ယူခဲ့ပြီး တရုတ်နိုင်ငံသားများက ဘတ်ငွေ ၄ ဒသမ ၅၇ ဘီလျံတန်ဖိုးရှိ ကွန်ဒိုအခန်း ၁,၅၉၆ ခန်းဝယ်ယူကာ ပထမနေရာတွင်ရှိသည်။ မြန်မာနိုင်ငံသားများက ဘတ်ငွေ ၂ ဒသမ ၂၁ ဘီလျံတန်ဖိုးရှိ ကွန်ဒိုအခန်း ၃၉၂ ခန်းကိုဝယ်ယူကာ ဒုတိယနေရာနှင့် ရုရှားနိုင်ငံသားများက ဘတ်ငွေ ၉၂၄ သန်းဖိုးရှိ ကွန်ဒိုတိုက်ခန်း ၂၉၅ ခန်း ဝယ်ယူခဲ့ပြီး တတိယနေရာတွင်ရှိနေခြင်းဖြစ်သည်။

ထို့ပြင် ထိုင်းနိုင်ငံတွင် ကွန်ဒိုတိုက်ခန်းများ နိုင်ငံခြားသားဝယ်ယူသူများအနက် ၂၀၂၄ ခုနှစ် ပထမ သုံးလပတ်ကာလအတွင်း တရုတ်နိုင်ငံသားများဝယ်ယူမှုက ပြည်ပနိုင်ငံခြားသားများ စုစုပေါင်းဝယ်ယူမှု၏ ၄၁ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံသားများဝယ်ယူမှုက ၁၀ ရာခိုင်နှုန်းနှင့် ရုရှားနိုင်ငံသားများဝယ်ယူမှုက ၅ ရာခိုင်နှုန်းအသီးသီးရှိကြကြောင်း သိရသည်။

ထိုင်းကွန်ဒိုတိုက်ခန်းများကို နိုင်ငံခြားသားဝယ်ယူသူများအနက် ရုရှားနိုင်ငံသားများဝယ်ယူမှုက ဒုတိယနေရာမှာရှိခဲ့ရာမှ ၂၀၂၄ ခုနှစ်၏ ပထမသုံးလပတ်တွင် မြန်မာနိုင်ငံသားများက ရုရှားနိုင်ငံသားဝယ်ယူသူများကို ကျော်ဖြတ်ကာ ဒုတိယနေရာသို့ ရောက်ရှိလာခဲ့ခြင်းလည်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *