October 20, 2024

၂၀.၅.၂၀၂၄
Written by Zun

မြန်မာနိုင်ငံတွင် မပြုလုပ်ရသေးသည့် မြန်မာ့ဂီတအကယ်ဒမီဆုပေးပွဲကို ယခုနှစ်အတွင်း ကျင်းပမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံ ဂီတအစည်းအရုံးက သိရသည်။

မြန်မာနိုင်ငံတွင် ဇွန်လ ၂၇ ရက်ကို မြန်မာ့ဂီတနေ့အဖြစ် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဇွန်လ ၄ ရက်တွင် ကျင်းပခဲ့သော မြန်မာနိုင်ငံဂီတအစည်းအရုံး ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအတွင်း သတ်မှတ်ခဲ့ကြခြင်း ဖြစ်သည်။

ယင်းသို့ သတ်မှတ်ခဲ့ပြီးနောက် ဂီတနေ့အခမ်းအနားများကို ဂီတအစည်းအရုံးဝင်များက မိမိတို့အစီအစဉ်ဖြင့် အကျဉ်းမျှသာ ကျင်းပခဲ့ကြကြောင်း သိရသည်။

“မြို့နယ်ဂီတအစည်းအရုံးကလည်း ဇွန်လရောက်တိုင်း ဂီတနေ့ဆိုပြီးတော့ မြို့နယ်ဂီတအစည်းအရုံးအသီးသီးက ကိုယ့်ဘာသာကိုယ် ကြိုဆိုကြတယ်။ စပွန်ဆာတွေပေးတယ်။ သီချင်းတီးဝိုင်းတွေ ဆိုကြတီးကြပေါ့နော်။ အခုက နိုင်ငံတော်အတွက် အများအကျိုးအတွက် ပွဲလေးတစ်ပွဲလုပ်ကြမယ်လို့ဆုံးဖြတ်တာ။ ဒါလည်းပဲ အကြံဉာဏ်ပေးပြီး လာမယ့်နှစ် ပွဲလေးတစ်ပွဲလုပ်မယ်ဆိုပြီးတော့ အများလည်းသိအောင် သမိုင်းတစ်ခုလည်းဖြစ်အောင်ဆိုပြီးတော့ ဂီတအစုံအလင်နဲ့ ပွဲတစ်ပွဲကိုလုပ်မယ်လို့ ဆုံးဖြတ်တာပေါ့” ဟု မြန်မာနိုင်ငံဂီတအစည်းအရုံးဥက္ကဋ္ဌ ဦးလွင်မြင့်က MT News ကို ပြောသည်။

ယင်းသို့ ဂီတနေ့ကို စည်စည်ကားကားပြုလုပ်ရာတွင် ဂီတအကယ်ဒမီပေးပွဲကိုလည်း တစ်ပါတည်း ထည့်သွင်းပြုလုပ်ရန် စဉ်းစားခဲ့ကြကြောင်း၊ သို့သော်လည်း စီစဉ်ရမည့်အရာများပြားလွန်းသောကြောင့် အောက်တိုဘာလအတွင်း ပြုလုပ်ရန် လျာထားကြောင်း သိရသည်။

“မြန်မာနိုင်ငံဂီတနေ့နဲ့ မြန်မာ့ဂီတထူးချွန်ဆုပေးဖို့ဆိုတဲ့ အဆိုတစ်ခုကို တင်သွင်းခဲ့တာပေါ့။ အဲ့လိုတင်သွင်းခဲ့တဲ့အခါအားလုံးက သဘောတူတာပေါ့။ နဂို စီစဉ်ထားတာတော့ ဒီနှစ်ဂီတနေ့မှာ ဂီတအကယ်ဒမီပေးဖို့ လုပ်တာပေါ့။ ဒါပေမဲ့ ဂီတနေ့ပြုလုပ်ဖို့ ရက်က ဇွန်လ ၂၇ ရက်ဆိုတော့ ရက်က ကပ်နေပြီ။ ဇွန်လထဲမှာ လုပ်လို့ မရနိုင်တော့ဘူး။ ဒါကြောင့် အောက်တိုဘာလထဲမှာ လုပ်နိုင်အောင် စီစဉ်ထားတယ်” ဟု ၎င်းက ပြောသည်။

၁၉၃၆ ခုနှစ် ဇွန်လ ၂၇ ရက်တွင် မြင်းခြံမြို့၌ ကျင်းပခဲ့သော ဒုတိယအကြိမ်မြောက် တို့ဗမာအစည်းအရုံး ညီလာခံတွင် ဝိုင်အမ်ဘီအေ ဆရာတင်ရေးသားသည့် “တို့ဗမာ” သီချင်းအား အမျိုးသားသီချင်းအဖြစ် သတ်မှတ်ခဲ့သောနေ့ကို ဂုဏ်ပြုသောအားဖြင့် မြန်မာ့ဂီတနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိတွင် ဂီတအစည်းအရုံးအနေဖြင့် ဂီတအကယ်ဒမီအတွက် ဆု ၉ ခုပေးရန် စဉ်းစားထားသော်လည်း အခြားထပ်တိုးဆုများလည်း ရှိလာနိုင်ကြောင်းလည်း သိရသည်။

“ပေးချင်တဲ့ ဆုအမျိုးအစားတွေကို လက်ရှိစီစဉ်ထားတာကတော့ မြန်မာ့ဂီတ၊ ကမ္ဘာ့ဂီတအမျိုးအစားလည်း ရှိတာဆိုတော့ အဲဒီအမျိုးအစားတွေထဲကလည်း ရွေးမယ်။ ပြီးတော့ အွန်လိုင်းမှာ အများကြိုက်တဲ့ အကြိုက်ဆုံး ဂီတကိုလည်း ပေးမယ်။ တေးဂီတပညာရပ်ပိုင်းဆိုင်ရာကိုလည်း ပေးမယ်။ လတ်တလောတော့ ဆုအမျိုးအစားကို ၉ မျိုး သတ်မှတ်ထားတယ်။ ဒါပေမဲ့ အပြောင်းအလဲကတော့ရှိနိုင်ပါတယ်”ဟု မြန်မာနိုင်ငံဂီတအစည်းအရုံးဥက္ကဋ္ဌ ဦးလွင်မြင့်က ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *