October 20, 2024

ပျက်ကျရဟတ်ယာဉ်မှ အဖွဲ့ဝင်နှစ်ဦးက ကယ်ဆယ်ရေးအဖွဲ့များထံဆက်သွယ်၊ ရဟတ်ယာဉ်ပျက် တည်နေရာကိုသိရှိပြီဟုသိရ

၂၀.၅.၂၀၂၄
Translated by Htwe Ko Tun

အီရန်သမ္မတ အီဘရာဟမ်ရိုင်စီနှင့် အစိုးရအဖွဲ့၏ အဆင့်မြင့်အရာရှိကြီးများလိုက်ပါလာသော ရဟတ်ယာဉ်က အီရန်နိုင်ငံ အနောက်မြောက်ပိုင်းတွင် မေလ ၁၉ ရက်က ပျက်ကျခဲ့ရာရဟတ်ယာဉ်ပေါ် ပါသူများ၏ ကံကြမ္မာနှင့် ပတ်သက်၍ အတိအကျ မသိရသေးဘဲ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေဆဲဖြစ်ကြောင်းသိရသည်။

သမ္မတရိုင်စီက အဇာဘိုင်ဂျန်နိုင်ငံနှင့် အီရန်နိုင်ငံနယ်စပ်ရှိဆည်တစ်ခုဖွင့်ပွဲသို့တက်ရောက်ခဲ့ပြီးနောက် အပြန်ခရီးတွင် ၎င်းတို့လိုက်ပါလာသောရဟတ်ယာဉ်က ဗာဇာကန်ဒေသအတွင်းပျက်ကျခဲ့ရခြင်းဖြစ်သည်။ ရဟတ်ယာဉ်ပေါ်တွင် အီရန်နိုင်ငံခြားရေးဝန်ကြီး ဟော့စိန် အမီရတ်ဒိုလာဟင်နှင့်အရှေ့အဇာ ဘိုင်ဂျန်ပြည်နယ် အုပ်ချုပ်ရေးမှူး မာလက် ရာမာတီ တို့အပါအဝင် အစိုးရအရာရှိကြီးများလိုက်ပါလာခဲ့ကြသည်။ရဟတ်ယာဉ်က ပျံတက်လာခဲ့ပြီးနောက် နာရီဝက်ခန့်အကြာတွင် အတူပျံသန်းလာသော အခြားရဟတ်ယာဉ်နှစ်စီးနှင့် အဆက်အသွယ်ပြတ်သွားခဲ့ခြင်းဖြစ်သည်။

ရဟတ်ယာဉ်ပျက်ကျသောနေရာမှာ နှင်းများအလွန်ထူထပ်၍ ခရီးသွားလာရန်ခက်ခဲသော တောင်တန်းဒေသဖြစ်သောကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲများနှင့် ကြုံတွေ့နေရသည်ဟုဆိုသည်။

ပြည်ထဲရေးဝန်ကြီး အာမက်ဗာဟီဒီကလည်း ဆိုးရွားလှသော ရာသီဥတုကြောင့် ရဟတ်ယာဉ်ပျက်ကိုရှာဖွေရာတွင် အချိန်ယူရမည်ဖြစ်ကြောင်း ပြောခဲ့သည်။ အီရန် လခြမ်းနီအဖွဲ့ကလည်း ရဟတ်ယာဉ်ပျက်ကျသည့်ဒေသအတွင်း ကယ်ဆယ်ရေးအဖွဲ့ ၂၀ မှ ၄၀ သို့ နှစ်ဆတိုး၍ ရှာဖွေနေကြောင်းပြောခဲ့သည်။

အီရန်အစိုးရအဖွဲ့၊ အုပ်ချုပ်ရေးဆိုင်ရာ  ဒုတိယသမ္မတ မန်ဆိုရီက ပျက်ကျရဟတ်ယာဉ်တွင် လိုက်ပါသွားသည့်အဖွဲ့ဝင် နှစ် ဦးကယ်ဆယ်ရေးအဖွဲ့များထံ ဆက်သွယ်မှုပြုခဲ့ကြကြောင်း၊ထို့ကြောင့်လည်း ရဟတ်ယာဉ်ပျက်ကျမှုကများစွာ ပြင်းထန်ဆိုးရွားမှုမရှိဟုယူဆရကြောင်း မေလ ၁၉ ရက်၌ပြောခဲ့သည်။

မေလ ၂၀ ရက်နံနက်တွင် ထပ်မံရရှိသော သတင်းများအရ ရဟတ်ယာဉ်ပျက်ကျသွားသော နေရာအတိအကျက်ု ဆုံးဖြတ်သိရှိပြီးဖြစ်ကြောင်းနှင့် မြေပြင်အဖွဲ့များက ထိုနေရာသို့ ဦးတည်သွားရောက်နေကြကြောင်းလည်း သိရသည်။

Ref-IRNA

Leave a Reply

Your email address will not be published. Required fields are marked *