၂၀.၅.၂၀၂၄
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ သုံးခွရပ်ကွက်၊ အမှတ်(၂)လမ်းမကြီး၊ သမဆိုင်မှတ်တိုင်အနီးတွင် မေလ ၁၉ ရက် ည ၁၁ နာရီ မိနစ် ၄၀ ခန့်က ဒီဇယ်ဂါလန် ၈၀၀၀ တင်လာသော ဆီဘောက်ဆာယာဥ်နှင့် Alphard (အနက်ရောင်) ကိုယ်ပိုင်ယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မိရာမှ ၁ ဦးသေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူများထံမှ သိရသည်။
ဖြစ်စဥ်မှာ-ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၊သုံးခွရပ်ကွက်၊ အမှတ်(၂) လမ်းမကြီး၊ သမဆိုင်မှတ်တိုင်အနီးတွင်အသက် ၅၃ နှစ်အရွယ် ဦးငြိမ်းမောင် မောင်းနှင်လာသော Hino Profia ဒီဇယ် ဂါလန် ၈၀၀၀ သယ်ဆောင်လာသော အဖြူရောင် ဆီဘောက်ဆာယာဉ်နှင့် အသက် ၃၅ နှစ်အရွယ် ဦးအောင်ကိုကိုမောင်းလာသည့် Alphard အနက်ရောင်ကိုယ်ပိုင်ယာဉ်တို့ ဆန့်ကျင်ဘက်လားရာစီမှ မျက်နှာချင်းဆိုင်တိုက်မိခဲ့ရာက Alphard ယာဉ်မောင်း ဦးအောင်ကိုကို သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“Alpgard ယာဥ်ကတော့ တစ်စီးလုံး ကြေသွားတယ်။ ကားထဲမှာ ညပ်နေတဲ့ ယာဥ်မောင်းကိုလည်း ခက်ခက်ခဲခဲ ဆွဲထုတ်ရတယ်။ ယာဥ်မောင်းကတော့ ရောက်ကတည်းက အသက်မရှိတော့ဘူး။ ဆီကားကတော့ မှောက်မသွားဘူး”ဟု ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သည့် မီးသတ်သမားတစ်ဦးက ပြောသည်။
ယာဥ်တိုက်မှုကြောင့် ကားခေါင်းအတွင်း ညပ်နေသော သေဆုံးနေသည့်ကိုယ်ပိုင်ယာဥ်မောင်းကို မီးသတ်တပ်ဖွဲ့ဝင် ၂၀ ကျော်ဖြင့် ၁ နာရီနီးပါးအကြာတွင် ကယ်ထုတ်နိုင်ခဲ့ပြီး သေဆုံးသူ၏ ရုပ်အလောင်းကို မီးအိမ်ရှင်လူမှုကူညီရေးအသင်းယာဉ်ဖြင့် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။