၁၉.၅.၂၀၂၄
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ရန်ကုန်-ပုသိမ်လမ်းတွင် ယနေ့ (မေလ ၁၉) ရက်၊ နံနက် ၁၀ နာရီ ၅၃ မိနစ်ခန့်အချိန် Taxi ယာဥ်က လမ်းဘေးတွင် စီးနင်းလာသော စက်ဘီးကို ဝင်တိုက်ပြီး မြေသားလမ်းတွင် ရပ်ထားသော မြေညှိကားကို ထပ်မံတိုက်မိရာမှ တစ်ဦးသေဆုံးပြီး ၂ ဦး စိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း လှိုင်သာယာမြို့နယ်မီးသတ်စခန်းထံမှ သိရသည်။
“တက်စီ(တက္ကစီ)ကားက ဒဂုံဧရာအဝေးပြေးကို မောင်းလာတဲ့ လမ်းခုလတ်မှာပဲ လမ်းဘေးကနေ လူ၂ ယောက် စီးလာတဲ့စက်ဘီးကို ဝင်တိုက်ရင်း အရှိန်မထိန်းနိုင်ဘဲ မြေသားလမ်းမှာ ရပ်ထားတဲ့ မြေညှိကားကို ထပ်တိုက်မိတာ။ စက်ဘီးနင်းလာတဲ့ အမျိုးသား ၁ ဦးက နေရာမှာပဲ ဆုံးသွားတယ်”ဟု ယာဥ်တိုက်မှုကိုကယ်ဆယ်ရေး ဆောင်ရွက်ခဲ့သူတစ်ဦးက ပြောသည်။
ယာဥ်တိုက်မှုကြောင့် စက်ဘီးစီးသူ အသက် ၂၁ နှစ်အရွယ် ကိုကျော်လင်းသူမှာ သေဆုံးခဲ့ပြီး စက်ဘီးနောက်မှ လိုက်လာသူ အသက် ၁၇ နှစ်အရွယ် မသန်းသန်းစိုးတွင် နောက်စေ့ယောင်၊ ခြေထောက်ပေါက်ပြဲဒဏ်ရာ(စိုးရိမ်ရ)များ ရရှိခဲ့သည်။
ထို့အပြင် အငှားယာဥ်မောင်းဖြစ်သူ အသက် ၅၂ နှစ်အရွယ် ဦးဇော်နိုင်ဦးမှာ ကားခေါင်းတွင် ညပ်နေသဖြင့် မီးသတ်တပ်ဖွဲ့ဝင် ၁၂ ဦးခန့်က ကယ်ဆယ်ရေးဆောင်ရွက်ခဲ့ရာ ဦးခေါင်းပေါက်၊ နဖူးပြဲဒဏ်ရာများဖြင့် ၈ မိနစ်အကြာတွင် ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
ဒဏ်ရာရရှိသူ စက်ဘီးနောက်မှစီးလာသူ အမျိုးသမီးနှင့် တက္ကစီယာဥ်မောင်းတို့ကို သွေးဒါနမျိုးဆက်အသင်း လူနာတင်ယာဥ်ဖြင့် လှိုင်သာယာမြို့နယ်ပြည်သူ့ဆေးရုံသို့ ကနဦး ပို့ဆောင်ခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။