၁၉.၅.၂၀၂၄
Written By Zun
လာအိုနိုင်ငံတွင်ပြုလုပ်သော အရှေ့တောင်အာရှကာယဗလပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ရွှေတစ်ခု၊ ငွေတစ်ခုဆွတ်ခူး ရရှိထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက သိရသည်။
အဆိုပါပြိုင်ပွဲ၌ ယမန်နေ့ မေလ ၁၈ ရက်တွင် ပြုလုပ်သည့် Women’s Athletic Physique ပြိုင်ပွဲအတွင်း ပထမ ရွှေတံဆိပ်ဆုကို မြန်မာနိုင်ငံမှ သဲဝါကလည်းကောင်း၊ ဒုတိယငွေတံဆိပ်ဆုကို ဗီယက်နမ်နိုင်ငံမှ လည်းကောင်း၊ တတိယကြေးတံဆိပ်ဆုကို လာအိုနိုင်ငံမှလည်းကောင်း အသီးသီးရရှိခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ကာယဗလ(၆၅)ကီလိုတန်းပြိုင်ပွဲ၌ ပထမရွှေတံဆိပ်ဆုကို မလေးရှားနိုင်ငံကလည်းကောင်း၊ ဒုတိယ ငွေတံဆိပ်ဆုကို မြန်မာနိုင်ငံက မုန်ဘန်အောင်ကလည်းကောင်း၊ တတိယကြေးတံဆိပ်ဆုကို ဗီယက်နမ်နိုင်ငံကလည်းကောင်း အသီးသီးရရှိခဲ့ကြောင်းလည်း သိရသည်။
အလားတူ မြန်မာအားကစားအဖွဲ့မှ ကာယဗလ (၆၀) ကီလိုတန်းပြိုင်ပွဲတွင် ထွန်းမင်းနိုင်၊ (၇၀) ကီလိုတန်း ပြိုင် ပွဲတွင် နိုင်မင်းသိမ်းနှင့်(၇၅)ကီလိုတန်းပြိုင်ပွဲတွင် အောင်မင်းဦးတို့က စတုတ္ထဆု အသီးသီး ရရှိကြကာ (၇၅) အထက်ကီလိုတန်းပြိုင်ပွဲတွင် မျိုးနိုင်ထွန်းက ဆဋ္ဌမဆု ရရှိခဲ့ကြောင်း သိရသည်။
ယနေ့ မေလ ၁၉ ရက် ပွဲစဉ်၏ Men’s Athletic Physique up to 175 cm + 6kg ပြိုင်ပွဲတွင် ကိုကိုကျော်ဖြိုး ၊ Men’s Sports Physique up to 170 cm -2 kg ပြိုင်ပွဲတွင် သန်းထိုက်ဦး ၊ Women’s Model Physique up to 160 cm ပြိုင်ပွဲတွင် ခင်နီလာစိုးနှင့် Women’s Model Physique over 165 cm ပြိုင်ပွဲတွင် ဇူးဇူးသန့်တို့ ဆက်လက်ယှဉ် ပြိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ ဦးဆောင်သော မြန်မာ့ကာယဗလ အားကစားအဖွဲ့အနေဖြင့် မေလ ၁၆ ရက်တွင် သွားရောက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရ သည်။
၁၈ ကြိမ်မြောက်အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံခိုင်မှုအားကစားပြိုင်ပွဲ( ၂၀၂၄) ( 18 th South East Asian Bodybuilding And Physique Sports Championship 2024) ကို မေလ ၁၆ ရက်မှ မေလ ၂၀ ရက်အထိ လာအိုနိုင်ငံ ဗီယန်ကျင်းမြို့၌ ကျင်းပနေခြင်း ဖြစ်သည်။