၁၉. ၅. ၂၀၂၄
Written by TZ
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်းမကြီး၊ IT ဆိုင်ရှေ့တွင် ယာဥ်တစ်စီးမှ အရှိန်လွန်၍ အခြား ယာဥ် ၂ စီးကို တိုက်မိရာ ထိုယာဥ်များပေါ်တွင် လိုက်ပါလာသည့် ရဟန်းတော် ၂ ပါး အပါအဝင် ၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဥ်မှာ မေလ ၁၉ ရက် နေ့လယ်ခင်းအချိန်တွင် ယာဥ်တစ်စီးမှ လမ်းအားကွေ့နေစဥ် လားရာလမ်းအတိုင်းမောင်းနှင်လာသည့် ယာဥ်တစ်စီးက အရှိန်လွန်၍ ထိုယာဥ်ကိုတိုက်မိပြီးနောက် ထိုလမ်းတွင် မောင်းနှင်လာသည့် သံဃာတော်ယာဥ်ကိုလည်း ဆက်လက်တိုက်မိခဲ့ကြောင်း သိရသည်။
“ကွေ့မဲ့ကားကို လားရာလမ်းအတိုင်းမောင်းလာတဲ့ကားက တိုက်တာ။ ပြီးတော့ သံဃာတော်ယာဥ်ကိုလည်း ဆက်ပြီးတိုက်မိတာ။ ဆရာတော့်ယာဥ်က အလှူလုပ်ပြီးပြန်လာကြတာ။ အဲ့ဒီယာဥ်ကို အမျိုးသားမောင်းတာ။ အဲ့ဒီကားပေါ်မှာ သံဃာတွေလိုက်လာတာ။ အမျိုးသမီး ၂ ဦးလည်းပါတယ်။ ယာဥ်တိုက်ခံရလို့ သံဃာ ၂ ပါးဒဏ်ရာရတယ်။ အမျိုးသမီး ၂ ဦးထဲမှာ ၁ ဦးက သတိရတစ်ချက် မရတစ်ချက် စိုးရိမ်ရတယ်။ ကျန်တဲ့ယာဥ်ကတော့ လူဘယ်လောက်ပါတယ်ဆိုတာမသိဘူး”ဟု မေတ္တာအလင်းလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ဖြေကြားသည်။
ယာဥ်တိုက်မူကြောင့် ဒဏ်ရာရရှိသူ (၈) ဦးကို မေတ္တာအလင်းလူမှုကူညီရေးအသင်း၊ ကြူစမ်းရှင်သန်ရေးအသင်းနှင့် မြသီတာလူမှုကူညီရေးတို့မှ အင်းစိန်ဆေးရုံသို့ပို့ဆောင်လိုက်ကြောင်း သိရသည်။ (ဓာတ်ပုံ -မေတ္တာအလင်းလူမှုကူညီရေးအသင်း)