October 18, 2024

၁၉.၅.၂၀၂၄
Written by KL

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ အမှတ် (၇) ရပ်ကွက်၊ ရန်ကင်းရပ်​တောင်ပိုင်းတွင် အငြိမ်းစား ကျောင်းဆရာနှင့်အငြိမ်းစား ကျောင်းအုပ်ဆရာမကြီး ဇနီးမောင်နှံ ၂ ဦး ဓားခုတ်ခံရသော ဒဏ်ရာများဖြင့် အသတ်ခံထားရသော ရုပ်အလောင်းကို တွေ့ရှိရကြောင်း ဒေသခံများနှင့် တပည့်များထံမှ သိရသည်။

သေဆုံးသူ အငြိမ်းစား ကျောင်းဆရာကြီးမှာ အသက် ၇၀ အရွယ် ဦးအောင်ခင်ဖြစ်ပြီး ဇနီးသည်မှာ အငြိမ်းစား ကျောင်းအုပ်ဆရာမကြီး အသက် ၆၅ နှစ်အရွယ် ဒေါ်ကြည်တင့်တို့ဖြစ်ကြောင်း သိရသည်။

“ဆရာကြီးတို့ လင်မယားက အနေအေးတယ်။ တစ်မြို့လုံးကလည်း လေးစား ချစ်ခင်ကြတယ်။ ကလေးတွေကိုလည်း အခုထိစာသင်ပေးတုန်းပါ။ တပည့်တွေအပေါ်မှာလည်း တတ်နိုင်သလောက် အမြင့်တွန်းတင်ပေးခဲ့တဲ့ ဆရာကြီးနဲ့ဆရာမကြီးပါ။ ကြားကြားချင်းမယုံနိုင်ဘူး “ဟု ရေစကြိုဒေသခံ တပည့်တစ်ဦးကပြောသည်။

အငြိမ်းစားကျောင်းဆရာကြီးဇနီးမောင်နှံမှာ နေအိမ်တွင် ၂ ဦးတည်းနေထိုင်ကြပြီး မေလ ၁၉ ရက် နံနက်ပိုင်းက စာလာသင်သော ကလေးများက ဆရာကြီးတို့အိမ်သို့ လာရောက်ရာတွင် တံခါးပိတ်ထားပြီး အော်ခေါ်ရာမှ ပြန်မထူးသဖြင့် အိမ်ထဲသို့ ဝင်ကြည့်ချိန် အသတ်ခံထားရသော ဆရာ​​ကြီးဇနီးမောင်နှံ၏ အလောင်းကိုတွေ့ရှိခဲ့ကြောင်း သိရသည်။

အသတ်ခံထားရသော ကျောင်းဆရာကြီး ဇနီးမောင်နှံ၏ လည်ပင်း၊ ရင်ဘတ်နှင့် နောက်ကျောတို့တွင် ဓားဒဏ်ရာများ တွေ့ရှိရကြောင်း သိရသည်။ လူသတ်မှုမှာ မေလ ၁၈ ရက်ညပိုင်းက ဖြစ်ပွားခဲ့သည်ဟု ယူဆရပြီး နေအိမ်ထဲရှိပစ္စည်းများကိုလည်း ​မွှေနှောက်ရှာဖွေထားသည်ကို တွေ့ရှိရကြောင်း၊လတ်တလောတွင် မည်သူမည်ဝါ သတ်​ဖြတ်သွားသည်ကို မသိရှိရကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *