၁၉. ၅. ၂၀၂၄
Written by Thettant
ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့နယ်၊ ဟူးဆာအုပ်စု၊ ဟိုက်တောင်ရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အဖွားအိုတစ်ဦးနှင့် ကလေးငယ် ၂ ဦး မီးလောင်သေဆုံးသွားခဲ့သည်ဟု သိရသည်။
ဖြစ်စဥ်မှာ ယမန်နေ့ မေလ ၁၈ ရက် နံနက် ၂ နာရီခွဲဝန်းကျင်တွင် ယမန်ညက မီးကျွင်းမီးကျန်များကို သေချာငြှိမ်းသတ်မှု မပြုလုပ်ခြင်းကြောင့် ထိုမီးစများမှတစ်ဆင့် လေတိုက်ကာ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
ထိုအိမ်အတွင်း မြေးအဖွား (၄)ဦး နေထိုင်ကြပြီး ယာအေမန် အသက်(၅၄)နှစ်သည် နှလုံးရောဂါရှိသောကြောင့် မီးလောင်နေစဥ် နေအိမ်အတွင်းပင် သတိလစ်မေ့မြောကာ မီးလောင်သေဆုံးသွားသည်။
အဖွားဖြစ်သူ ယာအေမန် သတိလစ်ပြီးနောက် ကျန်ရှိနေသည့် မြေးဖြစ်သူ မိုင်းအဇူ အသက်(၆)နှစ်နှင့် မိုင်းအိုက်ညီ အသက် (၄)နှစ်တို့နှစ်ဦးလည်း ကယ်တင်မည့်သူမရှိ၍ မီးလောင်သေဆုံးသွားခဲ့ရသည်။
လက်ရှိတွင် နမ္မတူမြို့မီးသတ်တပ်ဖွဲ့က အဆိုပါမီးလောင်မှုဖြစ်စဥ် စိစစ်နေပြီး မီးလောင်ဆုံးရှုံးမှုတန်ဖိုးနှင့် မီးလောင်မှုဖြစ်စဥ်ကို စစ်ဆေးနေကြောင်း သိရသည်။