၁၉. ၅. ၂၀၂၄
Written by TZ
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ နယ်မြေ ( ၃)၊ ပြင်စာ၊ မန္တလေး-လားရှိုးလမ်းအဆင်း၊ ပြင်စာစျေးတန်းအနီး၌ Canter ယာဥ်တစ်စီးအပါအဝင် ယာဥ် ၃ စီး လမ်းချော်၍ တိမ်းမှောက်ရာက ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဥ် ၃ စီး တိမ်းမှောက်မှုဖြစ်စဥ်မှာ မေလ ၁၈ ရက်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖြစ်စဥ်ကို သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်း၊ ရွှေမြင်သာလူမှုကူညီရေးအသင်း၊ ဒေသခံမီးသတ်တပ်ဖွဲ့၊ ပြင်စာမှ ယာဥ်( ၁) စီး၊ အရေးပေါ်ယာဥ်စုစုပေါင်း (၃) စီးတို့က ကူညီခဲ့ကာ ဒဏ်ရာရရှိသည့် (၁၂)ဦးကို ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
“ပွန်းပဲ့ဒဏ်ရာပဲ ရကြတာများတယ်။ တချို့က ခေါင်းမှာဒဏ်ရာရတယ်။ ယာဥ်တွေလည်း ပျက်စီးသွားတယ်။ မိုးရွာတော့ လမ်းကချော်သွားတာ။ အဲ့ဒီမှာ ရှေ့ကားက တိမ်းမှောက်တော့ နောက်ကမောင်းလာတဲ့ကားတွေပါ မှောက်ကုန်တာ”ဟု သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ဖြေကြားသည်။
အဆိုပါယာဥ်တိမ်းမှောက်မူကြောင့် ဒဏ်ရာရရှိသူများမှာ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁၁ ဦးတို့ ဖြစ်ကြောင်း သိရသည်။ (ဓာတ်ပုံ -သန္တိသုခအခမဲ့လူမှုကူညီရေးအသင်း)