၁၉. ၅. ၂၀၂၄
Written by Hey Mar
လမ်းပေါ်မှာ ကြိုးတစ်ချောင်းကန့်လန့်သွယ်ထားလို့ ဆင်းဖယ်ရာက ဆွဲမိုင်းဖြစ်နေပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဥ် မနေ့က မေလ ၁၈ ရက် နေ့လယ်ပိုင်းက ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့အပိုင်မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။
ဖြစ်စဥ်က ဆီဆုံကုန်းကျေးရွာမှာ နေထိုင်တဲ့ ဇနီးမောင်နှံနှစ်ဦးက စစ်ဘေးရှောင်လာမယ့် ဦးလေးတော်စပ်သူ ရဟန်းကို ပင့်ဆောင်ဖို့ တောင်ငူကိုအသွား ကျွဲပွဲ- မြို့စိုးတံတားအကျော်မှာ ကြိုးတစ်ချောင်းက လမ်းပေါ် ကန့်လန့်ဖြစ်နေတာကြောင့် အမျိုးသမီးဖြစ်သူ ဒေါ်သီတာမြင့် ဆင်းကာဖယ်ရှားစဥ် လမ်းပေါ်ကကြိုးဟာ ဆွဲမိုင်းဖြစ်နေလို့ ပေါက်ကွဲတာကြောင့် ဝမ်းဗိုက် မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့တာလို့ သိရပါတယ်။
အဆိုပါ မိုင်းစထိမှန်လူနာကို အုတ်တွင်းမြို့အခြေစိုက် ရင်ခုန်သံ ရှင်သန်ရေး လူမှုကူညီရေးအသင်းယာဉ်နဲ့ အုတ်တွင်းဆေးရုံကိုပို့ဆောင်ခဲ့ပြီး အဲဒီကမှတစ်ဆင့် တောင်ငူမြို့ မဆရ(၃) ဆေးရုံဆီ ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။