၁၉. ၅. ၂၀၂၄
Written By Zun
ရခိုင်တွင် တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် ပိတ်ထားရသော နယ်စပ်ကုန်သွယ်ရေးကို ရန်ကုန်တိုင်းဒေသကြီးက ကြားခံ ဆောင်ရွက်ပေးနေရကြောင်း ကုန်သည်လုပ်ငန်းရှင်များက ပြောသည်။
ယင်းသို့ ကြားခံဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ရွှေပြည်သာမြို့နယ်ရှိ မုတ္တမ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနပ်ဆိပ်ကမ်းသို့ ကုန်သွယ်သင်္ဘော “M.V ထိပ်ထားသခင်”မှာ မေလ ၁၈ ရက်တွင် စတင်ထွက်ခွာပြီဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ပြီးခဲ့သည့် ၇ လခန့်ကပင် ရခိုင်ပြည်နယ် စစ်တွေ၊ မောင်တောနှင့် တောင်ကုတ်မြို့တို့မှ ကုန်သွယ်ရေးစခန်းများ ပိတ်ထားရပြီးနောက် အထက်ပါအတိုင်း ရန်ကုန်မှ တစ်ဆင့်ခံ ကုန်သွယ်မှုပြုလုပ်ခြင်းလည်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကုန်သွယ်သင်္ဘောမှာ M.V ထိပ်ထားသခင်ကို နေလသစ္စာ Trading ကုမ္ပဏီက ကုန်သည်များအတွက် စီစဉ်ပေးခြင်းဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့မည့် ပစ္စည်းများကို မေလဆန်းကပင် လက်ခံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်က နယ်စပ်ကုန်သွယ်ရေးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်ကပဲ ရှိခဲ့တာ ဖြစ်တယ်။ အခု ဟိုဘက်မှာလည်း တိုက်ပွဲတွေကြောင့် လမ်းတွေ ပိတ်နေတော့ ရပ်ထားရတာ ၆ လ၊ ၇ လ လောက် ရှိပြီ။ အဲဒါကို ရန်ကုန်ကနေ စပြီးတော့ လုပ်တာ ဖြစ်တယ်။ ဒီလို လုပ်ဆောင်ဖို့ ဧပြီလထဲက စတင်ပြီးစီစဉ်ခဲ့တယ်။ ကုန်လက်ခံတာတွေ၊ ကုန်တင်တာတွေ လုပ်ပြီးတော့ ဒီနေ့ မေလ ၁၈ ရက်မှာ စတင် ထွက်ခွာပါပြီ။ နောက် တစ်ခေါက်အတွက် လာမယ့်တစ်ပတ်မှာ ကုန်လက်ခံတာ၊ ကုန်တင်တာတွေ စပြီးတော့လုပ်မယ်”ဟု နေလ သစ္စာ Trading ကုမ္ပဏီ ဥက္ကဋ္ဌ ဦးကျောက်တောင်က MT News ကို ပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရန်ကုန်တိုင်းဒေသကြီးက တိုက်ရိုက်ကုန်သွယ်မှု စတင်ရာတွင် ငါးခြောက် အသေး၊ ဇီးယိုထုပ်၊ကွမ်းသီး၊ ငါးမြီးတံသွယ်၊ မန်ကျည်းစေ၊့ ရွှေပြည်နန်းသနပ်ခါး၊ ခေါက်ဆွဲထုပ်၊ မုန့်တီခြောက် စသည်တို့ ပါဝင်ကြောင်း သိရသည်။
“အခုပို့တဲ့ကုန်တွေကို ကုန်သည်တစ်ယောက်တည်း ပို့တာမဟုတ်ဘူး။ ဘင်္ဂလားကို သင်္ဘောတစ်စီးလိုက် ကုန်သွယ်ဖို့ မလွယ်တဲ့ ကုန်သည်တွေအတွက် စီစဉ်ပေးခဲ့တာပါ။ အခုလို ဘင်္ဂလားဒေ့ရှ်နဲ့ ကုန်သွယ်မှုလုပ်တဲ့အခါ အမေရိကန် ဒေါ်လာ နဲ့ လုပ်ရတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဘက်က တစ်လကို ၂ ကြိမ်လောက် ပြေးဆွဲနိုင်ဖို့ စီစဉ်နေပါတယ်။ ကုန်ရရင် ရသလောက်လည်း ပို့ဆောင်ပေးမှာ”ဟု ၎င်းက ပြောသည်။