၁၈.၅.၂၀၂၄
Translated by Htwe Ko Tun
ဟားမားစ်တို့က အစ္စရေးနိုင်ငံတောင်ပိုင်းကို ၂၀၂၃ ခုနှစ်၊အောက်တိုဘာလ ၇ ရက်က ဝင်ရောက်အကြမ်းဖက်တိုက်ခိုက်ခဲ့ကြချိန် ဂါဇာကို ဖမ်းဆီးသွားသည့် အစ္စရေးနိုင်ငံသားဓားစာခံသုံးဦး၏ ရုပ်အလောင်းများကို အစ္စရေးလုံခြုံရေးတပ်ဖွဲ့များက ဂါဇာဒေသအတွင်း ဟားမားစ်တို့၏လိုဏ်ခေါင်းတစ်ခုအတွင်း၌ ပြန်လည်တွေ့ရှိခဲ့ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက မေလ ၁၇ ရက်တွင်ကြေညာခဲ့သည်။
၎င်းတို့သုံးဦးမှာ အသက် ၂၃ နှစ်အရွယ်ရှိ ဂျာမန်-အစ္စရေး တက်တူးပညာရှင်အမျိုးသမီး ရှာနီလော့ခ် ၊ အသက် ၂၈ နှစ်ရှိ အစ္စရေးအမျိုးသမီး အမစ် ဘတ်စ်ကီလာနှင့် အသက် ၅၇ နှစ်ရှိ အစ္စရေးအမျိုးသား အစ်ဇက်ဂါလီရန်တာ တို့ဖြစ်ကြကြောင်း သိရသည်။
၎င်းတို့သုံးဦးက ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်တွင် အစ္စရေးနိုင်ငံတောင်ပိုင်း၊ ဂါဇာနယ်စပ်အနီးတွင်ပြုလုပ်သော နိုဗာတေးဂီတပွဲတော်ကို သွားရောက်နေကြစဉ် ဟားမားစ်တို့၏ အကြမ်းဖက်ဝင်ရောက်စီးနင်းခြင်းကိုခံရကာ သတ်ဖြတ်ခံခဲ့ရပြီး အလောင်းများကို ဂါဇာသို့သယ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ နိုဗာတေးဂီတပွဲတော်သို့ တက်ရောက်ခဲ့သူ ၃၆၀ ဦးကျော်ရှိသည့်အနက် ၁၂၅ ဦးမှာ ဓားစာခံများအဖြစ်ဖမ်းဆီးခံရခြင်းဟု ယူဆရသည်။ ကျန်တေးဂီတပွဲတက်ရောက်သူများမှာ ဟားမားစ်တို့ အသတ်ခံရခြင်း(သို့မဟုတ်)ကယ်ဆယ်ခဲ့နိုင်ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက် အကြမ်းဖက်မှုတွင် ဟားမားစ်တို့က အစ္စရေးနိုင်ငံသား ၂၄၀ ခန့်ကို ဓားစာခံများအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသည်။ ၎င်းတို့အနက် နိုဝင်ဘာလအတွင်း အပစ်အခတ်ရပ်စဲမှုကာလ၌ ဓားစာခံ ၁၀၀ ကို ပြန်လွှတ်ပေးခဲ့သည်။ ဂါဇာဒေသတွင် ဓားစာခံ ၁၃၀ ဦးခန့်ရှိနေသေးကာ ၎င်းတို့အနက် ၄၀ ဦးမှာ သေဆုံးပြီဟုအစ္စရေးတို့က ယုံကြည်ထားသည်။
Ref. Yahoo News