၁၈. ၅. ၂၀၂၄
Written by Hey Mar
မြေမြှုပ်မိုင်းကြောင့် ခြေထောက်တစ်ချောင်း ဒူးဆစ်အောက်ကနေဖြတ်တောက်ထားရပြီး နောက်တစ်ဖက်ကလည်း အခြေအနေမကောင်းတဲ့ သမီးငယ် နော်ဝေးဖာက အခုလက်ရှိမှာတော့ မြိတ်မြို့ အမှတ်(၅/၁၀၀) တပ်မတော်ဆေးရုံမှာ တက်ရောက်ကုသလျှက်ရှိနေပြီး ဆေးကုသစရိတ်မပူပန်ရပေမယ့် ချို့တဲ့ တဲ့ မိသားစုဖြစ်တဲ့အတွက် ပြန်လည်ထူထောင်ရေးနဲ့ အခြေခံလိုအပ်ချက်တွေဖြည့်ဆည်းနိုင်အောင် ဝိုင်းဝန်းကူညီဖို့လိုအပ်နေတဲ့အနေအထားလို့ ဒေသခံလူမှုကူညီရေးအသင်းတချို့ထံကနေ သိရပါတယ်။
နော်ဝေးဖာက မြိတ်ကနေ တနင်္သာရီကို သွားရင် ဇဝဲလမ်းဆုံကနေ ခွဲထွက်သွားတဲ့လမ်းကဝင်ရတဲ့ ရေခမ်းချောင်ဆိုတဲ့ ရွာမှာ စိတ်ကျန်းမာရေးချို့ယွင်းနေတဲ့ အမေ၊ အသက် ၈၀ကျော် အဖွားတို့နဲ့ အတူနေထိုင်တာပါ။ သူတို့ရွာခြေက အိမ်ခြေ ၅၀ တောင်မပြည့်သလို လက်နက်ကိုင်တွေထိန်းချုပ်မှုအောက်မှာရှိနေတဲ့အခြေအနေလို့လည်း သိရပါတယ်။ ဖခင်ကလည်း သူတို့မိသားစုကိုထားခဲ့ပြီး နောက်အိမ်ထောင်နဲ့အတူ ထိုင်းဘက်ခြမ်း ထွက်ပြေးခိုလှုံသွားပြီးတဲ့နောက်မှာတော့ အိမ်စားဝတ်နေရေးအတွက် အသက် ၁၀ နှစ်ကျော် နော်ဝေးဖာက တောတက်ပြီး ထင်းကောက်တဲ့အလုပ်နဲ့ မိသားစုဝမ်းရေး သူတတ်နိုင်တဲ့ဘက်က ကူညီဖြေရှင်းပေးရှာပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့ကတော့ နော်ဝေးဖာအတွက် အခုလိုအဖြစ်ဆိုးတွေကို မထင်မှတ်ဘဲ ကြုံတွေ့ရမယ့်အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ တောထဲ အဖွားနဲ့အတူ ထင်းခုတ်တက်ရင်း မသမာသူတွေ ထောင်ထားတဲ့ မြေမြှုပ်မိုင်းကို နင်းမိခဲ့ရာက ခြေတစ်ဖက် အရိုးဖွာထွက်ကျိုုးကြေပြီး နောက်ခြေတစ်ဖက်မှာလည်း မိုင်းစတွေက အမျိုးသမီးအင်္ဂါပါ ထိခိုက်တဲ့အထိ ဒဏ်ရာကြီးစွာ ရရှိခဲ့ပါတယ်။ နောက်ပြီး ဘယ်ဘက်လက် လက်ညိုးနဲ့ လက်ခလယ်နှစ်ချောင်းလည်း ဆုံးရှုံးလိုက်ရပါသေးတယ်။
နော်ဝေးဖာရဲ့ အခြေအနေကိုတစ်ဖက်တစ်လမ်းကနေ ကူညီနေတဲ့ ရွှေရောင်နေ့သစ် လူမှုအထောက်အကူပြုအသင်း တာဝန်ရှိသူက”ကလေးက လက်ရှိ ဆေးကုသမှုပိုင်း အဆင်ပြေပေမယ့် ကျန်တဲ့ အာဟာရနဲ့ ပြန်လည်ထူထောင်ဖို့ရာတော့ အခက်အခဲတွေရှိနေတာပေါ့။ နောက်ပြီး ဆေးဝါးလည်း လိုအပ်တာလေးတွေလည်းရှိတာပေါ့။ ဒါတွေသုံးဖို့က သူတို့မှာ ငွေမရှိကြဘူး။ အဖွားကလည်း မြန်မာလို တစ်လုံးမှနားမလည်တဲ့ ရိုးရိုးအေးအေးကရင်မကြီး။ အမေကလည်း ဘာမှမသိဘူး။ ကလေးက မိန်းကလေးလည်းဖြစ်နေတော့ အမာခံ အလှူရှင်ရှိစေချင်တာဗျာ”လို့ MT News က မေးမြန်းရာမှာ ပြောပြပါတယ်။
သမီးငယ်နော်ဝေးဖာရဲ့ အာဟာရနဲ့ ပြန်လည်ထူထောင်ရေးအတွက် အလှူငွေ လှူဒါန်းချင်ရင်လည်း ရွှေရောင်နေ့သစ် လူမှုအထောက်အကူပြု အသင်းရဲ့ 09775609499 (Kpay/Wave Pay)ကနေတစ်ဆင့် ပါဝင်ကုသိုလ်ပြုနိုင်ပါတယ်။
မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ပတ်သတ်ပြီး ထိခိုက်မှုအများဆုံးက ကလေးငယ်၊ အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတို့ဖြစ်ကာ ယူနီဆက်ဖ်မြန်မာရဲ့ ၂၀၂၃ဘခုနှစ် ဇန်နဝါရီလကနေ ဇူလိုင်လအထိ စစ်တမ်းတွေအရ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ထိခိုက်ခံစားရသူအရေအတွက် ၆၅၀ ဦး ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အဆိုပါ ကိန်းဂဏာန်းတွေက ၂၀၂၂ ခုနှစ်မှာ အစီရင်ခံတင်ပြခဲ့တဲ့အရေအတွက်ထက် သိသိသာသာတိုးမြင့်လာပြီး ၁၆၇ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့တယ်လို့ ဆိုထားပါတယ်။
ဒေသအလိုက်အနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ ထိခိုက်ခံစားရသူအရေအတွက် အများဆုံးဖြစ်ပြီး အရေအတွက်စုစုပေါင်း (၃၉) ရာခိုင်နှုန်း၊ ပဲခူးတိုင်းမှာ (၁၃) ရာခိုင်နှုန်းနဲ့ ရှမ်းပြည် နယ်မှာ (၈) ရာခိုင်နှုန်း အသီးသီးရှိပြီး ဧရာဝတီ၊ ချင်း၊ ကချင်၊ ကယား၊ ကရင်၊ မကွေး၊ မန္တလေး၊ မွန်၊ တနင်္သာရီနဲ့ ရန်ကုန် အပါအဝင် ကျန်ဒေသတွေမှာတော့ ထိခိုက်ခံစားရသူအရေအတွက် စုစုပေါင်း၏ (၄၀) ရာခိုင်နှုန်းရှိတယ်လို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။