၁၈.၅.၂၀၂၄
Written by Zun
အမျိုးသားတစ်ဦးကားပေါ်တွင် သေဆုံးမှု မန္တလေး-နမ့်လန် ခရီးသည်တင်ယာဉ်တွင် ဖြစ်ပွားခဲ့ကြောင်း ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအသင်းက MT News ကို ပြောသည်။
ယမန်နေ့ မေလ ၁၇ ရက် မွန်းလွဲပိုင်းက ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ မန္တလေး-နမ့်လန် ပြေးဆွဲနေသော “စိမ်းလန်းမြေ” မှန်လုံ ခရီးသည်တင်ယာဉ်ပေါ်တွင် အထက်ပါအတိုင်း သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ကျောက်မဲမြို့နယ်ထဲ ပြည်ထောင်စုလမ်းမကြီး၊ ပင်တိန်ကျေးရွာအဝင်မှာ ဖြစ်တာ။ သူက ကားရှေ့ခန်းက စီးလာတာ။ မန္တလေး ဆေးရုံမှာ ဆေးသွားကုတာကနေ ဆေးရုံက ဆင်းခွင့်ရပြီဖြစ်လို့ ဆေးရုံဆင်းလာတာ။ သူ့မိသားစုလည်း ပါတယ်။ ဒါကြောင့် ကျွန်တော်တို့လည်း သွားပြီးတော့ အလောင်းကို ကျောက်မဲဆေးရုံကို ပို့ကြတာပေါ့”ဟု အဆိုပါ အသင်း၏တာဝန်ရှိသူက မေလ ၁၈ ရက်တွင် ပြောသည်။
သေဆုံးသူမှာ နမ့်လန်တွင် နေထိုင်သော အသက် ၅၈ နှစ်အရွယ် ဦးအေးဆိုသူ ဖြစ်ကြောင်း၊ သေဆုံးသူ၏ ရုပ်အလောင်းကို ကျောက်မဲမြို့ ပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ ကမ်းလင့်လက်များ လူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ် နှစ်စီးဖြင့် ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အခင်းဖြစ်ရာနေရာသို့ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း (နောင်ပိန်) ၊ ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအသင်းတို့က သွားရောက်ကူညီပေးခဲ့ကြကြောင်း သိရသည်။