၁၈. ၅ .၂၀၂၄
Written by Hey Mar
သားအမိနှစ်ဦး မြေအောက်ရေသိုလှောင်ကန်ပေါ် ရေချိုးရာက ရေမော်တာဆီ သွယ်တန်းထားတဲ့ ကြိုးကတစ်ဆင့် ဓာတ်လိုက်ပြီး တစ်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဥ် ဒီနေ့ မေလ ၁၈ ရက်နေ့ မွန်းလွဲချိန်က မန္တလေးတိုင်းဒေသကြီး အောင်မြေသာဇံရပ်မှာ ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ အောင်မြေသာဇံမြို့နယ်မီးသတ်စခန်းမှ သိရပါတယ်။
ဖြစ်စဥ်က မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်၊ ကမ်းနားလမ်း၊ နှင်းဆီအိမ်ရာဝန်းမှာ ဖြစ်ပွားခဲ့ပြီး မိခင်ဖြစ်သူနဲ့ အသက် ၁၀ နှစ်ဝန်းကျင် သမီးမိန်းကလေးတို့နှစ်ဦး မြေအောက်ရေသိုလှောင်ကန်ပေါ်မှာ ရေချိုးရာက ရေမော်တာကို သွယ်တန်းထားတဲ့ လျှပ်စစ်ကြိုးကနေတစ်ဆင့် ဓာတ်လိုက်ပြီး ရေသိုလှောင်ကန်အတွင်း ကလေး ပြုတ်ကျသွားခဲ့တယ်လို့ သိရပါတယ်။ မိခင်ဖြစ်သူက ကလေးကို ဆယ်ယူရာမှာ ထပ်မံဓာတ်လိုက်မှုဖြစ်ပွားပြီး မစိုးရိမ်ရဒဏ်ရာတချို့လည်း ရရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါဖြစ်စဥ်ကို အောင်မြေသာစံမြို့နယ်မီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေက ကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက်ကူညီဆောင်ရွက်ခဲ့ပြီး ဖြစ်စဉ်ကြောင့် မိန်းကလေးငယ်ကို သေဆုံးလျှက်ပြန်လည်ဆယ်ယူနိုင်ကာ ဒဏ်ရာရရှိသူ မိခင်ဖြစ်သူနဲ့အတူ နှင်းဆီသုခစေတနာလူမှုကူညီရေးအသင်းယာဉ်နဲ့ မန္တလေးပြည်သူ့ဆေးရုံဆီ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။