◾ ဘူးသီးတောင်မြို့ပေါ်မှ ရိုဟင်ဂျာနေအိမ်များကို AA မီးရှို့လိုက်၍ ဘင်္ဂါလီတစ်သိန်းခွဲကျော် အိုးမဲ့အိမ်မဲ့ဖြစ်ပွား
၁၈. ၅. ၂၀၂၄
Written by Nay Moe
ရခိုင်လက်နက်ကိုင် AA အဖွဲ့ဟာ ဘူးသီးတောင်မြို့ကို သိမ်းလိုက်နိုင်တဲ့အခြေအနေဖြစ်လာအပြီး မနေ့ညကစပြီး ဘူးသီးတောင်မြို့ပေါ်က ရိုဟင်ဂျာနေအိမ်တွေကို မီးရှို့လိုက်တာကြောင့် ဘင်္ဂါလီတစ်သိန်းခွဲကျော်ဟာ အိုးမဲ့အိမ်မဲ့ဖြစ်ပြီး လမ်းဘေးမှာ နေထိုင်နေရတယ်လို့ဘင်္ဂါလီအရေးလှုပ်ရှားတဲ့ FRC အဖွဲ့ တည်ထောင်သူ ရိုနေဆန်းလွင်က ပြောပါတယ်။
ဘူးသီးတောင်မြို့ကို AA က သိမ်းပိုက်ဖျက်ဆီးပြီး မီးတင်ရှို့လိုက်လို့ တစ်မြို့လုံးပြာကျသွားတဲ့ အကြောင်းကိုလည်း NUG လူ့အခွင့်အရေးဒုဝန်ကြီးဦးအောင်ကျော်မိုးက Facebook မှာ ရေးသားထားပါတယ်။
AA လက်နက်ကိုင်အဖွဲ့ဟာ ဘင်္ဂါလီတွေကို ဘူးသီးတောင်မြို့တွင်းက ဒီနေ့မနက် ၁၀ နာရီနောက်ဆုံးထားထွက်ခွာဖို့ အမိန့်ပေးခဲ့သလို တစ်သိန်းခွဲကျော် ၂ သိန်းလောက်ရှိတဲ့ ဘင်္ဂါလီတွေကလည်း မထွက်ခွာတာကြောင့် ဘင်္ဂါလီနေအိမ်တွေ မီးတင်ရှို့နေတာဖြစ်ပြီး ဒီလိုဖျက်ဆီးနိုင်တာကြောင့်လည်း AA လက်နက်ကိုင်တွေက အောင်ပွဲခံနေကြတယ်လို့ ရိုနေဆန်းလွင်က ဆိုပါတယ်။
“ဘူးသီးတောင်မြို့ပေါ်မှာရှိတဲ့ ဘင်္ဂါလီနေအိမ်တွေအားလုံးကို မနေ့ညက အေအေ (AA) က မီးရှို့လိုက်လို့ ပြာဖြစ်သွားပြီ။ တစ်သိန်းခွဲကျော်လောက်ရှိမယ့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားတဲ့ ဘင်္ဂါလီတွေအားလုံး လမ်းပေါ်မှာ၊ လယ်ကွင်းတွေမှာ အစားအသောက်မရှိ ခိုလှုံစရာနေရာမရှိကြဘူး။အေအေတပ်ဖွဲ့ဝင်တွေက မြို့အနှံ့မှာအလံတွေဝှေ့ပြီး အောင်ပွဲခံနေကြတယ်(မူရင်း -ရိုဟင်ဂျာ)”လို့ ရိုနေဆန်းလွင်က ဆိုပါတယ်
AA လက်နက်ကိုင်အဖွဲ့က တစ်လကျော်အတွင်း ဘင်္ဂါလီ အနည်းဆုံး ၃၄ ဦးကို သတ်ဖြတ်ထားတယ်လို့ ရိုနေဆန်းလွင်က ပြောထားသလို ဘင်္ဂါလီတွေကို ဖမ်းဆီးတာ၊ စစ်သားစုဆောင်းတာ၊ ရွာတွေကို မီးရှို့ဖျက်ဆီးတာကြောင့် လူသောင်းနဲ့ချီထွက်ပြေးနေရတယ်လို့လည်း သိရပါတယ်။