၁၈. ၅. ၂၀၂၄
Written by Ye Kyaw
အဝေးပြေးကုန်စည်လိုင်းများအနေဖြင့် လက်ရှိတွင် ရန်ကုန် -မန္တလေး၊ ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် တောင်းပိုင်းဒေသ၊ ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်းနှင့်အနောက်ပိုင်းဒေသများသို့ အဓိကပြေးဆွဲနေရပြီး အခြားဒေသများအား ကုန်စည်ပြေးဆွဲမှု ယာယီရပ်နားထားရကြောင်း မြန်မာနိုင်ငံ အဝေးပြေးကုန်စည် ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းမှ သိရသည်။
“ရခိုင်တို့ဘာတို့က မသွားဖြစ်တာကြာပါပြီ။ နှစ်လကျော်၊ သုံးလလောက်ရှိပြီ။ အခုချိန်မှာကတော့ ရန်ကုန်-မန္တလေး၊ ရှမ်းအရှေ့၊ ရှမ်းတောင်ဘက်တို့၊ ပဲခူးတိုင်းအရှေ့ခြမ်း၊ အနောက်ခြမ်းတို့ အဲဒီကို ပုံမှန်သွားပါတယ်” ဟု မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးကျင်သိန်းက ပြောသည်။
လက်ရှိတွင် မြန်မာ-တရုတ်နယ်စပ် မူဆယ်နယ်စပ်ဂိတ် ပြန်မဖွင့်သေးခြင်းနှင့် မြန်မာ-ထိုင်းနယ်စပ် မြဝတီနယ်စပ်ဂိတ် ပြန်ဖွင့်သော်လည်း စိတ်မချရသေးသောကြောင့် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားဒေသမှ တရုတ်နိုင်ငံနှင့်လည်းကောင်း၊ တာချီလိတ်နယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံနှင့်လည်းကောင်း ကုန်သွယ်မှု ဆောင်ရွက်နေခြင်းဖြစ်သည်။ ထို့ကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်းမှတစ်ဆင့် မိုင်းလားဒေသများသည် လက်ရှိတွင် ကုန်စည်ပို့ဆောင်ရေးအတွက် အကောင်းဆုံး နေရာဒေသများဖြစ်ကြောင်း သိရသည်။
“အခုလတ်တလောမှာ အကောင်းဆုံးနေရာကို ပြပါဆိုရင်တော့ ရန်ကုန်ကနေ ရှမ်းတောင်၊ အဲဒီကနေ ရှမ်းအရှေ့၊ အဲဒီကနေမှ မိုင်းလားဘက်ပေါ့” ဟု ဦးကျင်သိန်းက ပြောသည်။
လက်ရှိကုန်စည်စီးဆင်းမှု ကုန်ကျစရိတ်မှာ ၁၂ ဘီးကုန်ကားတစ်စီးအတွက် ရန်ကုန်မှ ကျိုင်းတုံ-တာချီလိတ်သို့ ကျပ်သိန်း ၆၀ အထိ ကုန်ကျပြီး ရန်ကုန်-မန္တလေးအတွက် ကျပ် ၉ သိန်းခွဲခန့် ကုန်ကျကြောင်း သိရကာ လမ်းခရီးတွင် မလိုလားအပ်သည့် အဆင့်အဆင့်ငွေကြေးတောင်းခံမှုဒဏ်ကိုလည်း ခံစားနေရကြောင်း သိရသည်။
“အခက်အခဲတွေကတော့ ရန်ကုန်-မန္တလေးဆို ပြည်ထောင်စုလမ်းမကြီးမှာ မော်တော်ယာဉ်နဲ့ ပတ်သက်တဲ့ အကုန်အကျစရိတ်တွေများတယ်။ မော်တော်ယာဉ်တွေအားလုံးက ငွေတောင်းခံလို့ အကောင်းဆုံးအရာဆိုတာကိုတော့ မဖြစ်စေချင်ဘူး” ဟု ဦးကျင်သိန်းက ပြောသည်။
ကုန်စည်ပို့ဆောင်ရာတွင် ရန်ကုန်မှ လူသုံးကုအခြားနယ်ဒေသများသို့န်နှင့် လုပ်ငန်းသုံးပစ္စည်းများကို အဓိက သယ်ယူပို့ဆောင်ရပြီး နယ်ဒေသများမှ ရန်ကုန်သို့ ဒေသထွက်ကုန်၊ စားသောက်ကုန်၊ မီးဖိုချောင်သုံးကုန်ပစ္စည်း (ဥပမာ ကြက်သွန်၊ အာလူး၊ ဟင်းသီးဟင်းရွက်)နှင့် ပန်းမျိုးစုံကို သယ်ယူပို့ဆောင်ရခြင်းဖြစ်သည်။