October 31, 2024

-အခြေခံပြည်သူများအားကိုးရာ ဒလသင်္ဘောအား ဗုံးခွဲမှု PDF(Dala) လုပ်​ဆောင်ခြင်းမရှိကြောင်းနှင့် လုပ်သည့်အဖွဲ့ ရှုတ်ချကြောင်း ထုတ်ပြန်

MT News

Written by Nay Moe

ဒလသင်္ဘော ဗုံးခွဲခံရပြီး ပြည်သူငါးဦးသေဆုံးခဲ့သည်ဟု သိရကာ အဆိုပါ အခြေခံပြည်သူများအားကိုးရာ ဒလသင်္ဘောအား ဗုံးခွဲမှုကို PDF(Dala) လုပ်​ဆောင်ခြင်းမရှိဘဲ လုပ်​ဆောင်သူများကို ရှုတ်ချသည်ဟု ထုတ်ပြန်ချက် ထုတ်ပြန်လာသည်။

ဒလသင်္ဘောအားဗုံးခွဲခံရသည့်ဖြစ်စဥ်မှာ ဒီဇင်ဘာလ ၁၈ ရက် ည ၆ နာရီ ၄၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပန်းဆိုးတန်းဆိပ်ကမ်း၊ ရန်ကုန်-ဒလ ပြေးဆွဲသည့် ချယ်ရီ (၁) ခရီးသည်သင်္ဘော ပန်းဆိုးတန်းဆိပ်ကမ်းမှ ထွက်ခွာချိန် ရေလယ်တွင် ဗုံးကွဲရာ အမျိုးသား ၁၅ ဦးနှင့် အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထို့နောက် အဆိုပါဖြစ်စဥ်မှ ထိခိုက်သူပြည်သူငါးဦးအား ‘….ကူညီမှုအသင်းမှ ယာဥ်ငါးစီးဖြင့် ရန်ကုန်ဆေးရုံကြီးသို့တင်ပို့ခဲ့ရာ ထိခိုက်သူများမှာ ကုသမှုခံယူနေစဥ်သေဆုံးခဲ့သည်ဟု လူနာများကို ကူညီပို့ဆောင်ခဲ့သည့် ‘….ကူညီမှုအသင်း’ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“လတ်တလောမှာ သေဆုံးသူငါးဦးရှိတယ်လို့ သိရပါတယ်။ ထပ်တိုးတာတော့ မရှိသေးဘူးလို့ သိရပါတယ်။ အသင်းနာမည်ကိုတော့ မဖော်ပြပါနဲ့။ နှစ်ဖက်စလုံးကြားမှာ ကူညီကယ်တင်နေရတဲ့ အသင်းရပ်တည်ရေးအတွက်ပါ”ဟု လူနာများကို ကူညီကယ်တင်ခဲ့သည့် ပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါဗုံးကွဲမှုဖြစ်စဥ်မှာ ချယ်ရီ (၁) သင်္ဘောအောက်ထပ် အများပြည်သူစက်ဘီးထားရာနေရာတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟုသိရပြီး ထိခိုက်သူအားလုံးမှာ စျေးနှုန်းချိုသာသော အစိုးရပိုင်ရေယာဥ်အားထားကြရသူများသာဖြစ်သည်ဟု သိရသည်။

“စက်ဘီးနဲ့လာတယ်။ အစိုးရသင်္ဘောကို စီးတယ်ဆိုတာက ဒလ၊ တွံတေးဘက်က ရွာကလူတွေ။ ဆိုင်ကယ်ကယ်ရီခ မတတ်နိုင်၊ ကားခမရှိလို့ စက်ဘီးလေးတွေ နာရီပေါင်းများစွာနင်းပြီးလာကြတာ။ အခု ဒလသင်္ဘောဗုံးခွဲခံရတယ်။ ဒလ PDF က သူတို့မလုပ်ဘူး။ ချက်ခြင်းစာထုတ်တယ်။ ခါတိုင်း ဗုံးကွဲပြီဆို SAC လခရတွေလုပ်တာပါလို့ စွပ်စွဲကြတဲ့သူတွေက အခု မစွပ်စွဲဘဲ လုပ်တဲ့အဖွဲ့ရှုတ်ချတယ်ဆိုတာက လုပ်တဲ့ PDF အဖွဲ့ သူတို့သိတဲ့သဘောပဲ။ အင်းစိန်ထောင်ကို STA PDF အဖွဲ့က ဗုံးခွဲတာ ရှုတ်ချသလိုမျိုး NUG နဲ့ တခြား PDF တွေက ရှုတ်ချကြပါ။ ဒါမှ အများပြည်သူအကြားဗုံးခွဲတာရပ်မှာပါ။ သတ္တိရှိရင် လခရကိုပဲ တိုက်ခိုက်။ ပြည်သူတော့ဗုံးမခွဲနဲ့ လွှဲမချပါနဲ့ ” ဟု တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။

အဆိုပါဖြစ်စဥ်တွင် ငါးဦးသေဆုံးသည့်အပြင် လက်ရှိ၌ ကျန်ရှိနေသည့် ဒဏ်ရာရသူ ၁၂ ဦးအနက် စိုးရိမ်ရသူများလည်း ရှိနေသည်ဟု MT News က စုံစမ်းသိရသည်။

“ကျွန်တော့်အလုပ်သမားနှစ်ယောက်ထိခိုက်ပါတယ်။ တစ်ယောက်က ခြေထောက်တစ်ဖက်ထုတ်ချင်းပေါက်ပြီး တစ်ယောက်က ခေါင်းနဲ့ရင်ဘတ် ထိပါတယ်။ သူ့ဒဏ်ရာခွဲထုတ်ရမယ်။ အခြေအနေကတော့ မနက်ကျမှ သိရမယ်။ ခြေထောက်ထိတဲ့တစ်ယောက်ကလည်း နှစ်ပတ်၊ တစ်လနားရမယ်” ဟု ထိခိုက်ဒဏ်ရာရသူနှစ်ဦး၏ အလုပ်ရှင်က ဆိုသည်။

အဆိုပါဖြစ်စဥ်အပေါ် People Defence Force (Dala) က ယင်းတို့မလုပ်ဆောင်ကြောင်းနှင့် လုပ်ဆောင်သည့်အဖွဲ့များရှုတ်ချကြောင်း ငြင်းဆိုထားပြီး ယခင် PDF များထုတ်ပြန်သကဲ့သို့ SAC လခရများအား စွပ်စွဲခဲ့ခြင်းမရှိချေ။

Photo-CJ & ‘….ကူညီမှုအသင်း’

Leave a Reply

Your email address will not be published. Required fields are marked *