၁၈. ၅.၂၀၂၄
Written by Hey Mar
ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့ကပျောက်ဆုံးခဲ့တဲ့ ကျောက်ဆည်က မီနီအိုးဝေယာဥ်မောင်း ပျောက်ဆုံးနေတာ တစ်လပြည့်ဖို့ ရက်ပိုင်းသာလိုတော့ပေမယ့် အခုအချိန်အထိ သတင်းအစအန မရသေးဘူးလို့ မိသားစုနဲ့ နီးစပ်သူဆီကနေ စုံစမ်းသိရှိရပါတယ်။ အလားတူပဲ ဧပြီ ၁၀ ရက်နေ့က မန္တလေးမှာ လူသတ်ပြီး မီနီအိုးဝေ လုယက်သွားတဲ့ တရားခံတွေကိုလည်း ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့ သိရပါတယ်။
ကျောက်ဆည်က မီနီအိုးဝေ တက္ကစီယာဥ်မောင်း ကိုအောင်ကို လုယက်ခံရပုံက လူနှစ်ဦးက ကျောက်ဆည်ဆေးရုံအရှေ့ကနေ အောက်ဆီဂျင်အိုးနဲ့အတူ ပျောက်ဆုံးမီနီအိုးဝေယာဥ်မောင်းကိုအောင်ကိုရဲ့ ယာဥ်ကို ငှားရမ်းသွားတာကိုသာ နောက်ဆုံးသိရှိရပြီး ပျောက်ဆုံးနေတဲ့ မီနီအိုးဝေ ယာဥ်အမျိုးအစားမှာ – RE ယာဥ်အမှတ် 12U-4403 ဖြစ်ကာ စဉ့်ကိုင် တိုးဂိတ်မှာ နောက်ဆုံး CCTV မှတ်တမ်းရခဲ့ပေမဲ့ တခြား တိုးဂိတ်တွေမှာ ယာဥ်နဲ့အတူ CCTV မှာ အထွက်မပြခဲ့ဘူးလို့လည်း သိရပါတယ်။
မန္တလေး မီနီအိုးဝေ တက္ကစီဂရုမှ တာဝန်ရှိသူကိုငြိမ်းချမ်းက “အခုထိတော့ ကျောက်ဆည်က မီနီအိုးဝေသမားကိုအောင်ကိုရဲ့ သတင်းက ဘာမှကို မထူးသေးတာပါ။ မန္တလေးက အသတ်ခံလိုက်ရတဲ့ မီနီအိုးဝေသမားလည်း တရားခံတွေကို သိရှိနေပြီ ဖြစ်ပေမယ့် ထွက်ပြေးနေလို့ ဖမ်းမမိသေးဘူးလို့ ရဲဘက်ကနေ ကျွန်တော်တို့ ပြန်ကြားသိရပါတယ်။ မိသားစုကိုလည်း ထူးရင် ပြန်ပြောမယ်လို့ပဲ ပြောတယ်ကြားရတယ်။ အမြန်မဖမ်းနိုင်သေးတာပဲ အံ့သြပါတယ်”လို့ MT News ကို ပြောပါတယ်။
အခုလအတွင်း မေလ ၈ ရက်နေ့ကလည်း အိမ်ရှေ့မင်းထန်းတောမှာ မီနီအိုးဝေယာဥ်မောင်းကို လည်ပင်းဓားနဲ့လှီးကာ လုယက်ခဲ့ပေမယ့် ရပ်ကွက်နေပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးပေးခဲ့လို့ မီနီအိုးဝေ ပြန်လည်ထားကာ အလွတ်ထွက်ပြေးသွားကြောင့် ပြန်ရလိုက်တယ်လို့ သိရပါတယ်။
“အဲ့သည့် ဦးလေးကတော့ မီနီအိုးဝေလည်း ပြန်ရတယ်။ လူလည်း သက်သာနေပါပြီခင်ဗျာ”လို့ ကိုငြိမ်းချမ်းက ဆက်လက်ပြောပါတယ်။
မီနီအိုးဝေ တစ်စီးကို ကာလပေါက်စျေး သိန်း ၁၅၀ ကျော်ရှိနေပြီး Second စျေး သိန်း၁၀၀ နီးပါးရှိတာမို့ မီနီအိုးဝေယာဥ်မောင်းတွေမှာ အသက်အန္တရာယ်ခြိမ်းခြောက်မှုနဲ့အတူ မိသားစုလိုက် ပူဆွေးသောကရောက်မှုတွေလည်း ကြုံနေရတယ်လို့ ဆိုပါတယ်။
အသတ်ခံရသူနဲ့ ပျောက်ဆုံးနေသူနှစ်ဦးစလုံးမှာ လူမမယ်ကလေးနဲ့မိသားစု ကျန်ရစ်ပြီး စားဝတ်နေရေး အခက်အခဲနဲ့ ပူပန်သောကတွေလည်းရင်ဆိုင်နေရတာကြောင့် မန္တလေးအခြေစိုက် မီနီအိုးဝေတက္ကစီဂရုအနေနဲ့ လိုအပ်တဲ့ ကူညီဆောင်ရွက်မှုတွေ ပူးပေါင်းကူညီပေးနေတယ်လို့ သိရပါတယ်။
ပုံစာ ။ အသတ်ခံရသူ မီနီအိုးဝေယာဥ်မောင်းနှင့် ပျောက်နေဆဲ ကျောက်ဆည်မှ မီနီအိုးဝေတက္ကစီယာဥ်မောင်း။