၁၆. ၅. ၂၀၂၄
Written by Hey Mar
YBS ယာဥ်လိုင်းတွေပေါ်မှာ နေ့စဥ်ဆိုသလို အုပ်စုဖွဲ့ ခါးပိုက်နှိုက်ခံရတာတွေ၊ ဓားထောက်လုယက်ခံရတာတွေကို YRTC လူမှုကွန်ရက်စာမျက်နှာတွေမှာ တွေ့ရှိလာရတာ၊ YRTC ရုံးချုပ်ဆီ တိုင်ကြားလာတာတွေ များပြားလာတဲ့အတွက် ခရီးသွားပြည်သူတွေ ကြိုတင်သတိပြုကာကွယ်နိုင်ဖို့ ယာဥ်လိုင်းတွေပေါ်မှာ “ခါးပိုက်နှိုက် သတိပြု”ဆိုတဲ့ စာတန်းပါစကေကာတွေ ပြန်လည်ကပ်နှံသွားဖို့ လုပ်ဆောင်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကော်မတီထံကနေ သိရပါတယ်။
YRTC ကော်မတီအနေနဲ့ YBS ကားတွေပေါ်မှာ ယာဥ်တစ်စီးနဲ့ တစ်စီး ကျော်တက်မောင်းနှင်ခြင်းမပြုရ ဆိုတဲ့ စာတန်းအပါအဝင် အခု ခါးပိုက်နှိုက်သတိပြုစာတန်းက ဒုတိယမြောက်ကပ်မယ့် စာတန်းပါ။ ယာဥ်တစ်စီးနဲ့တစ်စီး ယှဥ်ပြိုင်ကျော်တက် မောင်းနှင်ခြင်းမပြုရဆိုတဲ့ စတစ်ကာကမ်ပိန်းပြုလုပ်ကာ စာတန်းကပ်နှံပြီး အရေးယူမှုတွေ ၂၀၂၃ ခုနှစ်အတွင်း စတင်ပြုလုပ်ခဲ့ပြီး၊ အခု ၂၀၂၄ ခုနှစ် နှစ်စကနေ ဧပြီ လကုန်အထိလည်း အရေးယူတာ၂၀၉ မှု ရှိခဲ့တယ်လို့ သိရပါတယ်။
“ခါးပိုက်နှိုက်မှုတွေ အဖြစ်များတာက CCTV မတပ်ဆင်ထားဘဲ မောင်းနှင်နေတဲ့ YBS ယာဥ်တွေပေါ်မှာ အဖြစ်များပါတယ်။ ကျွန်တော်တို့ CCTV တပ်ဆင်ထားတဲ့ ယာဥ်တွေပေါ်မှာဖြစ်ရင်တော့ YRTC ရဲ့ Control Center ကနေ ပြန်ကြည့်ပြီး နောက်ဆက်တွဲ ဖော်ထုတ်မှု လုပ်ငန်းစဥ်အနေနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောက်ရွက်ပါတယ်။ CCTV မရှိတဲ့ ယာဥ်တွေပေါ်က ထိန်းချုပ်ရ ခက်ခဲပါတယ်။ ဒါတွေကို လျော့ကျချင်တဲ့အတွက် အခုလို သတိပေးစာတမ်းတွေ ကပ်တာပါ”လို့ YRTC ရဲ့ ပြန်ကြားရေးတာဝန်ရှိသူ အထွေထွေ အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က MT News ကို ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိတဲ့ YBS ခရီးသည်တင်ယာဥ်တွေ ယာဥ်စည်းကမ်း လမ်းစည်းကမ်းနဲ့အညီ ပြေးဆွဲနိုင်ရေးတို့အတွက် စစ်ဆေးရေးအဖွဲ့ (၈)ဖွဲ့နဲ့ ယာဥ်ကြောရှုပ်ထွေးတဲ့ မှတ်တိုင် ၁၆ မှတ်တိုင်မှာ ခရိုင် (၃)ခရိုင်အဖွဲ့က နေ့စဥ် စစ်ဆေးကြပ်မတ် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTC အနေနဲ့ ယာဥ်လိုင်းတွေကို စောင့်ကြည့် စိစစ်အရေးယူတဲ့အချက် ၁၂ ချက်ရှိပြီး အဲ့သည့်အချက်တွေထဲမှာမှ မှတ်သားဖမ်းဆီးမှုက ဇန်နဝါရီလကနေ ဧပြီလအတွင်း ၂၂၄၁၇ မှု၊ သတ်မှတ်ကီလိုမီတာ ကျော်ကာမောင်းနှင်မှုက ၄၅၃ မှု အပါအဝင် အရေးယူမှု ဖြစ်စဥ်ပေါင်း ၂၃၈၉၂ မှုအထိ ရှိခဲ့တယ်လို့ သိရပါတယ်။