၁၇.၅.၂၀၂၄
Written by TZ
ရန်ကုန်၊ ကြို့ပင်ကောက်နှင့် ပဲခူးမြို့တို့တွင် မေလ ၁၆ ရက်နေ့တွင် တစ်ရက်တည်း အမျိုးသား ( ၃) ဦး ရုတ်တရက်မူးလဲသေဆုံးသွားကြောင်း ဒေသခံလူမှုကူညီရေးအသင်းများထံမှ သိရသည်။
ဖြစ်စဥ်များမှာ မေလ ၁၆ ရက် ညနေ ( ၄) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးစေတီလမ်း၊ (၁၀၆) ကားမှတ်တိုင်နှင့် (၁ဝ၆) မီးပွိင့်အနီးတွင် အမျိုးသားတစ်ဦးလဲကျသေဆုံးနေသည့် ရုပ်အလောင်းကို လူမှုကူညီရေးအသင်း(ရန်ကုန်) နိဗ္ဗာန်ယာဉ်ဖြင့် မြောက်ဥက္ကလာပဆေးရုံသို ကူညီပို့ဆောင်ထားကြောင်း၊ ထိုသေဆုံးသည့် အမျိုးသားမှာ မေလ ၁၇ ရက်နေ့တွင် ထားဝယ်သို့ ပြန်မည်ဖြစ်ပြီး၊ ၎င်းမှာ မေလ ၁၆ ရက်နေ့၌ အပြင်ထွက်ရာ အပူရှိန်အောက် ရုတ်တရက်သေဆုံးသွားကြောင်း မြန်မာ့ကြယ်ဖြူလူမှုကူညီကယ်ဆယ်ရေး ပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
အလားတူ ကြို့ပင်ကောက်မြို့၊ စက်မှုလယ်ယာရှေ့တွင် အမျိုးသားတစ်ဦးမှာ အရက်သောက်ပြီး ၎င်းနေထိုင်သည့် ကြံတောစုရွာသို့ မေလ ၁၆ ရက် နေ့လည် ၃ နာရီ ၄၄ မိနစ် အချိန်ခန့်တွင် ခြေလျင်လမ်းလျောက်လာစဥ် ထိုစက်မှုလယ်ယာအရှေ့၌ ရုတ်တရက်မူးလဲပြီး သေဆုံးသွားကြောင်း ထိုရုပ်အလောင်းကို ကြို့ပင်ကောက်မြို့နာရေးကူညီမှုအသင်းမှ ရုပ်အလောင်းကို ပြည်သူ့ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်လိုက်ကြောင်း ထိုအသင်းရှိ တာဝန်ရှိသူတစ်ဦးက MT News သို့ ဖြေကြားသည်။
ထို့အပြင် ပဲခူးမြို့၊ ကျောက်ကြီးစုရပ်ကွက်၊ ငြိမ်းချမ်းရေးလမ်းဘေးတွင် မေလ ၁၆ ရက် ည ၇ နာရီ ၄၅ မိနစ် အချိန်တွင်လည်း အမျိုးသားတစ်ဦး လဲကျသေဆုံးနေကြောင်း သတင်းရရှိသောကြောင့် ထိုရုပ်အလောင်းကို ညီညွတ်ခြင်းစုပေါင်းအခမဲ့နာမှုကူညီရေးအသင်းရုံးမှ အဆိုပါသေဆုံးခြင်းနှင့်ပတ်သက်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ် စစ်ဆေးနိုင်ရန်အတွက် ပဲခူးပြည်သူ့ဆေးရုံကြီးရေခဲတိုက်သို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
Photo – Credit