October 31, 2024

MT News

Writtein by Min Mahar

ဓားဒဏ်ရာဗရပွနှင့် သေဆုံးနေသည့် အမျိုးသမီးအလောင်းတစ်လောင်းအား ဒီဇင်ဘာလ ၁၈ ရက် နံနက်ပိုင်းက နွားထိုးကြီးမြို့နယ်တွင် တွေ့ရှိခဲ့ကြောင်း သိရသည်။

“မျက်နှာအပါအဝင်ဓားဒဏ်ရာ ဗရနဲ့သေဆုံးနေတဲ့ အလောင်းတစ်လောင်း မနက် ၉ နာရီကျော်လောက်မှာ တွေ့ကြတာ။ မျက်နှာတစ်ခြမ်းဆို မြင်ရက်စရာမရှိအောင် ရက်ရက်စက်စက်ဓားနဲ့ထိုးခံထားရတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ရုံးပင်ကုန်းကျေးရွာ၏ အနောက်ဘက်ရှိသော နွားထိုးကြီးမြို့ဘက်မှ တောင်သာမြို့ဘက်သို့ သွားသည့်ကားလမ်းတွင် မိုင်တိုင်(၂ မိုင် ၃ ဖာလုံ)ခန့်အကွာ၌ အသက် ၄၀ ကျော် အမျိုးသမီးတစ်ဦး ဓားဒဏ်ရာများနှင့်သေဆုံးနေမှုအား ဒီဇင်ဘာလ ၁၈ ရက် နံနက် ၉ နာရီခွဲခန့်က တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါသေဆုံးသူအမျိုးသမီးသည် နွားထိုးကြီးမြို့၊အမှတ်(၃) ရပ်ကွက်တွင်နေထိုင်ကာ အရောင်းအဝယ်လုပ်ကိုင်နေသူတစ်ဦးဖြစ်ပြီး လည်ပင်းပြတ်ရှဒဏ်ရာ(၁)ချက်၊ ဝဲမျက်လုံးအောက်ဘက်ဖောက်ဝင်ဒဏ်ရာ(၁)ချက်၊ ဦးခေါင်းနှောက်စေ့ကို ဖောက်ဝင်ဒဏ်ရာ(၁)ချက်၊ ရင်သားကိုထိုးသွင်းဒဏ်ရာ(၁)ချက်တို့ဖြင့် သေဆုံးနေကြောင်း ရဲနဲ့နီးစပ်သူတစ်ဦးကဆိုသည်။

သေဆုံးသူ၏အလောင်းအား နွားထိုးကြီးမြို့နယ်ပြည်သူ့ဆေးရုံသို့ သက်ဆိုင်ရာမှ ပို့ဆောင်ခဲ့ပြီး ၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *