၁၇.၅.၂၀၂၄
Written By Thandar
မင်းသမီး ခိုင်နှင်းဝေတို့မိသားစုက မွန်ပြည်နယ်၊ ကျိုက်မရောမြို့ ဆုတောင်းပြည့်ဘုရားကြီးကျောင်းတိုက်နှင့် ကျိုက်မရောဘုရားကြီး ကျောင်းတိုက်ခွဲ၏ ဦးစီးပဓာန နာယက နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် ဆရာတော်ဘုရားကြီး အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တဝါရီန္ဒရဲ့ ဝိဇာတမွေးနေ့ အလှူတော်မင်္ဂလာနဲ့ ( ပုနောပသမ္ပဒ ) သိက္ခာတော်ထပ်အလှူတော်မင်္ဂလာကို ယနေ့ မေလ ၁၇ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် အမှတ်(၅)ဝိုင်း ကန်ဦးကျောင်းတိုက်မှာ ကျင်းပခဲ့ပါတယ်။
“ဒီနေ့ကတော့ ကျိုက်မရော ဆရာတော်ဘုရားကြီးရဲ့ သက်တော် ၇၀ ပြည့် မွေးနေ့မင်္ဂလာမှာ သိက္ခာထပ် အလှူလေး လှူဒါန်းဖြစ်တာပါရှင့်။ အမတို့က ဘာပဲလှူလှူ ကလေးတွေ အမြင်ကျယ်အောင် သူတို့လေးတွေ ၅ နှစ် ကျော်လာပြီမို့ သူတို့လက်လေးနဲ့ လှူဒါန်းစေချင်တာမို့ ခေါ်လာဖြစ်တာပါ။ ကလေးတွေလည်း သိတတ် နားလည်လာအောင်ပါ။ ဘုန်းဘုန်းကို သိက္ခာထပ်ချင်တာကတော့ ကြာပါပြီ။ အသက် ၇၀ ပြည့်မှာပဲ ဘုန်းဘုန်းက သိက္ခာထပ်ခွင့်ပေးတာနဲ့ မိသားစုနဲ့အတူ လှူဖြစ်သွားတာပါ။ သူတို့လေးအတွက် ကုသိုလ်လေး လုပ်ဖို့က အမက လုပ်ပေးမှရမှာလေ။ မိစုံဖစုံရှိသူတွေကတော့ သူတို့ မိဘတွေကုသိုလ်ပြုရင် ထပ်တူရကြတယ်လေ။ ကိုယ့် သားလေးတွေ သမီးလေးတွေလည်းလှူရလို့လည်း ပီတိဖြစ်ရပါတယ် ”လို့ သရုပ်ဆောင် ခိုင်နှင်းဝေက ပြောပါတယ်။
အဆိုပါ အခမ်းအနားမှာတော့ အနန္တော အနန္တငါးပါးကို ဦးထိပ်ထားပြီး ရုပ်ရှင်သရုပ်ဆောင် ခိုင်နှင်းဝေ (ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာ မိသားစု) တို့က ဆရာတော်ဘုရားကြီးအား “ပုနောပသမ္ပဒ သိက္ခာထပ်အလှူတော်မင်္ဂလာ” ကျင်းပခဲ့ပြီး နေ့ဆွမ်း ဆပ်ကပ်လှူဒါန်းခြင်းအပြင် သိမ်ဆင်းသံဃာ(၂၇)ပါးတို့ကို နဝကမ္မ အစရှိတဲ့ လှူဖွယ်ဝတ္ထု အစုစုတို့ကို လှူဒါန်းကုသိုလ်ပြုခဲ့တာလည်း ဖြစ်ပါတယ်။