October 18, 2024

Photo - Benar News

၁၇. ၅. ၂၀၂၄
Written by Pan Ei

လူငယ်တွေ အထူးသဖြင့် အမျိုးသားတွေကို ပြည်ပထွက် အလုပ်လုပ်ကိုင်ခွင့်ပိတ်ထားမှုကို မကြာသေးမီက လုပ်ဆောင်ခဲ့တဲ့ မြန်မာအစိုးရရဲ့လှုပ်ရှားမှုအပြီးမှာ တုန်လှုပ်ချောက်ချားနေကြရတဲ့ ထိုင်းနိုင်ငံ၊ ပတ္တရားက အလုပ်ရှင်တွေက အလုပ်လစ်လပ်နေရာတွေ ရုတ်တရက်မြင့်တက်လာခြင်းအပေါ် သတိပေးချက်တွေ ထုတ်ပြန်လာကြပါတယ်။

ပတ္တရားနဲ့ အရှေ့ဘက်ပင်လယ်ကမ်းရိုးတန်းက စက်ရုံအလုပ်ရုံတွေ၊ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ခရီးသွားလုပ်ငန်းနဲ့ အထူးသဖြင့် ငါးဖမ်းခြင်းလုပ်ငန်းအပါအဝင် ကဏ္ဍအသီးသီးဟာ မြန်မာလုပ်သားတွေကို မှီခိုနေရတာပါ။ ထိုင်းနိုင်ငံမှာ မြန်မာလုပ်သား ၂၅၀,၀၀၀ ဝန်းကျင်ရှိပြီး သူတို့ထဲက လေးပုံတစ်ပုံနီးပါးက ပတ္တရားမှာ လုပ်ကိုင်နေကြခြင်းဖြစ်ကာ အခုလက်ရှိမှာတော့ အဲ့ဒီဒေသက လုပ်သားရှားပါးမှု အကျပ်အတည်းနဲ့ ရင်ဆိုင်နေကြရပါတယ်။

မြန်မာလုပ်သားအရေအတွက်မှာ မိသားစုတစ်ခုလုံးဝင်ရောက်လာသူတွေနဲ့ မကြာခဏ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေအရေအတွက်ကိုပါ သုံးသပ်ကြည့်မယ်ဆိုရင် အမှန်တကယ် အရေအတွက်က ပိုများနေနိုင်တယ်လို့လည်း ယူဆရပါတယ်။

ထိုင်းအမျိုးသားငါးလုပ်ငန်းအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ Mongkol Sukcharoenkana က လျှောက်ထားသူတွေဟာ မြန်မာပတ်စ်ပို့ ဒါမှမဟုတ် အထူးသက်သေခံကတ်ပြားတွေ မပါဝင်ရင်လည်း အလုပ်သမားပါမစ်တွေ ထုတ်ပေးဖို့ ထိုင်းအာဏာပိုင်တွေကို တိုက်တွန်းထားပါတယ်။ ဒါ့အပြင် ဒေသတွင်း ရွှေ့ပြောင်းနေထိုင်သူတွေရဲ့အလုပ်အဖွဲ့ကို ကိုယ်စားပြုတဲ့ Roisei Wongsuban ကလည်း အခြေအနေဆိုးရွားမှုတွေကို မီးမောင်းထိုးပြခဲ့ကာ “ပတ္တရားက ဟိုတယ်နဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တော်တော်များများဟာ အလုပ်သမားရှားပါးမှုအကျပ်အတည်းနဲ့ ရင်ဆိုင်နေရပြီး အလုပ်သမားတွေ နည်းပါးနေတာကြောင့် မေးခွန်းတွေတောင် သိပ်အမေးမခံနေရပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

မြန်မာအစိုးရရဲ့ရည်ရွယ်ချက်မှာ မရှင်းလင်းသေးဘဲ ပြည်တွင်းစစ်အတွက် စစ်သည်တွေ ပိုမိုလိုအပ်နေသလို ပြည်ပရောက် အလုပ်သမားတွေကနေ အိမ်ပြန်ပို့တဲ့ နိုင်ငံခြားငွေကိုလည်း မှီခိုနေရပါတယ်။ မေလ ၁ ရက်နေ့က မြန်မာအစိုးရက အမျိုးသားတွေကို ပြည်ပကို တရားဝင်သွားရောက်လုပ်ကိုင်ခွင့်ကို ဆိုင်းငံ့ထားခဲ့ပေမဲ့ နောက်ပိုင်းမှာ အသက် ၂၃ နှစ်ကနေ ၃၁ နှစ်ကြားရှိ အမျိုးသားတွေကိုသာ ဆက်လက်ပိတ်ပင်ထားခဲ့တာပါ။

ချွန်ဘူရီပြည်နယ်က ထိုင်းနိုင်ငံ အလုပ်အကိုင်ဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက အခြေအနေက မတည်မငြိမ်ဖြစ်နေဆဲဖြစ်တယ်လို့ ပြောကြားခဲ့သလို မြန်မာနယ်စပ်အနီး မဲဆောက်မြို့က သတင်းတွေအရတော့ အချို့သော နိုင်ငံကူးလက်မှတ်တွေနဲ့ ပါမစ်တွေကို ထုတ်ပေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။ဒါ့အပြင် ထိုင်းနိုင်ငံက မြန်မာအလုပ်သမားအများအပြားဟာလည်း စစ်မှုထမ်းရမဲ့အန္တရာယ်ကြောင့် အိမ်ပြန်ဖို့ တွန့်ဆုတ်နေကြတယ်လို့လည်း Pattaya Mail က ဖော်ပြခဲ့ပါတယ်။

ထိုင်းနိုင်ငံရဲ့ လက်ရှိအလုပ်လုပ်ကိုင်နိုင်တဲ့ အသက်အရွယ်ရှိ လူဦးရေက ၄၀ ဒသမ ၇ သန်းဖြစ်ပြီး အလုပ်အကိုင်နေရာက ၄၄ သန်းလောက်ဖြစ်နေတာကြောင့် လုပ်သားရှားပါးမှုဟာ ထိုင်းနိုင်ငံရဲ့စီးပွားရေးကို သိသိသာသာ ခြိမ်းခြောက်လျက်ရှိနေပါတယ်။

Ref; The Thaiger

Leave a Reply

Your email address will not be published. Required fields are marked *