October 18, 2024

၁၆. ၅ .၂၀၂၄
Written by Hey Mar

မေလ ၂၃ ရက်နေ့ နောက်ပိုင်း မိုးအဆက်မပြတ်ရွာနိုင်ပြီး မိုးရေချိန်လည်းများနိုင်တယ်လို့ မိုးလေဝသနဲ့ရာသီဥတုပြောင်းလဲမှုဖြစ်စဥ်တွေကို စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ဒီနေ့ မေလ ၁၆ ရက်နေ့မနက်ပိုင်း ၉ နာရီအချိန် လေ့လာတွေ့ရှိချက်ကို ကိုးကား ခန့်မှန်းထားပါတယ်။

မိုးက မေလ ၂၄ ရက်နဲ့နောက်ပိုင်း မြန်မာတစ်နိုင်ငံလုံးမှာရွာသွန်းနိုင်ပြီး မကွေး၊ ရေနံချောင်းနဲ့ ချောက်မြို့တွေမှာ မိုးပိုမို များနိုင်မယ်လို့လည်း သိရပါတယ်။ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းအပါအဝင် မြန်မာပြည် တောင်ပိုင်းဒေသတွေမှာတော့ အများလွန်နေမှာစိုးရိမ်ရတယ်လို့ ဦးဝင်းနိုင်က MT News ကို ပြောပါတယ်။

“ပြီးခဲ့တဲ့ နှစ်ရက်ကတွေ့ရှိချက်မှာ – မေလ ၁၆ ရက်က စပြီး ဒီနေ့အထိ အိန္ဒိယမိုးလေဝသဌာနက အထက်လေထုလွှာအတွင်း CYCLONIC CIRCULATION – လေဖိအားနည်းရပ်ဝန်း အစပျိုးတဲ့ အခြေအနေ ဖြစ်လာပြီလို့ ကြေညာထားပါတယ်။ အခု ရက်ပိုင်း ပြည်တွင်းမှာ ဖြစ်လာမဲ့ မိုးလေဝသအခြေအနေတွေက အဲဒီ့ ဖြစ်စဉ်နဲ့ ဆက်စပ်ပြီးဖြစ်လာမှာပါ” လို့ ဦးဝင်းနိုင်က ဆိုပါတယ်။

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်အခြေအနေ တွေကို DMH-WRF Model ရဲ့ ဒီနေ့မေလ ၁၆ရက်နေ့ မြန်မာစံတော်ချိန် ၆ နာရီခွဲအချိန်ကို အခြေခံတွက်ထုတ်ထားတဲ့ ခန့်မှန်းချက်တွေအရ မေလ ၂၂ ရက်နေ့ဝန်းကျင်မှာ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ လေထုမငြိမ်မသက်မှုအခြေအနေစတင် ဖြစ်ပေါ်နိုင်ပြီး၊ ၂၃ ရက်နေ့ဝန်းကျင်မှာ လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်လာနိုင်ကာ အဆိုပါလေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာနိုင်ပြီး ကနဦးမှာ မြောက်-အရှေ့မြောက်ဘက်ကို ရွေ့လျားပြီးနောက် မြောက်-အနောက်မြောက်ဘက်ကို ပြန်ကွေ့ကာ၊ မေလ ၂၇ ရက်နေ့ဝန်းကျင်ခန့်မှာတော့ အိန္ဒိယနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်ကမ်းရိုးတန်းတို့အကြားဆီ ဦးတည်ရွေ့လျားနိုင်တာကို တွေ့ရှိရတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း အသိပေးထုတ်ပြန်ကြေညာပါတယ်။

“အရင်ကြိုတင်ခန့်မှန်းချက်တွေမှာ မုန်တိုင်းကြီးဖြစ်မယ်။ ရန်ကုန်တောင်ဝင်တော့မယ်လို့ ခန့်မှန်းတာတွေ တွေ့မှာပါ။ အတိအကျပြောနိုင်ဖို့က စောသေးပေမဲ့ ဒီနေ့ မနက်မှာတော့ လေဖိအားနည်းရပ်ဝန်းဖြစ်မယ်။ မုန်တိုင်းငယ်တော့ ဖြစ်နိုင်မယ်ဆိုတာ အတည်ပြုနိုင်ပါတယ်။ မေလ ၂၄ ရက်နေ့မှာ သိသိသာသာ ဖြစ်လာနိုင်ပါမယ်။ ဘယ်ဘက်ကို ဆက်ရွေ့ပြီး ဘယ်လောက်အားကောင်းလာနိုင်မယ်ဆိုတာတော့ စောင့်ကြည့်ရပါဦးမယ်။ ရန်ကုန်ဘက်မှာ ဖြစ်ရင်တော့ လေဖိအားနည်းရပ်ဝန်းအဆင့်လောက်သာ ဖြစ်နိုင်မယ်။ မုန်တိုင်းမဖြစ်နိုင်ဘူးဆိုတာမျိုးလည်း ခန့်မှန်းတွေ့ရှိရပါတယ်”လို့ မိုးလေဝသနဲ့ ရာသီဥတုပြောင်းလဲမှု ဖြစ်စဥ်တွေကို စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က သူလေ့လာစောင့်ကြည့်နေတဲ့ သင်္ချာပုံစံပြု မိုဒယ်တွေရဲ့ ဖော်ပြတွေ့ရှိချက်တွေကို အသိပေးပြောပြပါတယ်။

မေလ နောက်ဆုံးအပတ်နဲ့ ဇွန်လဆန်း မုတ်သုံအဝင်မှာ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်လာတဲ့အတွက် ဒီနှစ်မိုးရာသီက မိုးကောင်းမှာ သေချာနေပြီဖြစ်ကာ မိုးလယ်၊ မိုးနှောင်းကာလမှာ လာနီညာဖြစ်လာမှာမို့ မိုးက ဇူလိုင် ၁ ရက်ကနေ သြဂုတ်လ ၃၁ ရက်နေ့အထိ (မိုးလယ်) နဲ့ စက်တင်ဘာ ၁ ရက် ကနေ အောက်တိုဘာ ၁၀ ရက်(မိုးနှောင်း) တွေမှာ မိုးကောင်းမယ်လို့ ​ခန့်မှန်းရပြီး မိုးဦးကာလ မေ ၁၆ မှ ဇွန် ၃၀ အထိကတော့ ရွာသွန်းမြဲအောက်လျော့ပြီး မိုးရွာနိုင်မယ်လို့ သိရပါတယ်။

မိုးဦးလေဦး မုတ်သုံံဦးမှာတော့ တိုက်ခတ်လာနိုင်တဲ့လေပြင်းတွေ၊ မိုးကြိုးမုန်တိုင်းအန္တရာယ်နဲ့ မြို့ကြီးပြကြီးတွေရဲ့ ရေစီးရေလာပြဿနာကြောင့် ရေကြီးရေလျှံမယ့် ဖြစ်စဥ်တွေကိုလည်း သတိပြုရမှာဖြစ်သလို လျှပ်စစ်ဓာတ်ကြိုးအန္တရာယ်တွေနဲ့ လမ်းပေါ်ရေလျှံချိန် ဟောင်းလောင်းပေါက်ဖြစ်နေနိုင်တဲ့ ရေမြောင်းပေါက်အန္တရာယ်တွေကိုလည်း သတိပြုကြဖို့ လိုအပ်တယ်လို့ ဦးဝင်းနိုင်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ တစ်ဆင့်လည်း အသိပေးပြောပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *