October 18, 2024

၁၇.၅.၂၀၂၄
Translated by Htwe Ko Tun

ဆလိုဗက်ကီးယားနိုင်ငံဝန်ကြီးချုပ် ရောဘတ်ဖီကိုမှာ ဟန်လိုဗာမြို့တွင် သေနတ်သမားတစ်ဦးက မေလ ၁၅ ရက်က ပစ်ခတ် လုပ်ကြံသတ်ဖြတ်ရန်ကြိုးစားခံရမှုကြောင့် ပြင်းထန်သောဒဏ်ရာများနှင့် ဆေးရုံသို့ရောက်ရှိနေခဲ့ရာ မေလ ၁၆ ရက် ညပိုင်းတွင် ၎င်းမှာ အခြေအနေပြန်လည်တည်ငြိမ်လာသော်လည်း စိုးရိမ်ဖွယ်အနေအထားတွင် ရှိနေဆဲဖြစ်ကြောင်းသိရသည်။

ဝန်ကြီးချုပ် ဖီကိုမှာ ဟန်လိုဗာမြို့တွင် ၎င်းအားထောက်ခံသူများနှင့် ပြည်သူများဆိုင်ရာဗဟိုစခန်းတွင် တွေ့ဆုံဆွေးနွေးပြီးနောက် ထိုအဆောက်အအုံအပြင်ဘက်တွင် သေနတ်ဖြင့် ငါးချက် ပစ်ခတ်ခြင်းခံခဲ့ရခြင်းဖြစ်သည်။ အသက် ၅၉ နှစ်ရှိ ဝန်ကြီးချုပ် ဖီကိုမှာ ကျည်ထိမှန်မှုကြောင့် အစာအိမ်တွင်ဒဏ်ရာများရရှိခဲ့ပြီးနောက် ဒေသတွင်းဆေးရုံတစ်ခုသို အရေးပေါ်တင်ပို့ခဲ့ရကာ နောက်ပိုင်းတွင် ဘန်စကာ ဘစ်စထရီကာ မြိုကြီးရှိဆေးရုံသို့ လေကြောင်းမှထပ်မံပြောင်းရွှေ့ခဲ့ရသည်။

ဆေးရုံမှ မေလ ၁၆ ရက်တွင် ပြောကြားချက်များအရ အကယ်၍သာ ထိမှန်ကျည်ဆံများက ခန္ဓာကိုယ်အတွင်းဘက်သို့ မီလီမီတာ အနည်းငယ် ထပ်မံတိုးဝင်ခဲ့ပါက ဝန်ကြီးချုပ်ဖီကိုမှာ လုံးဝအသက်ဆုံးရှုံးဖွယ်ရှိသည်ဟုလည်း သိရသည်။

၎င်းက ရုရှားသမ္မတ ပူတင်၏ မဟာမိတ်တစ်ဦးအဖြစ်လည်း လူသိများကာ ဆလိုဗက်ကီးယားနိုင်ငံရေးတွင် ပြတ်ပြတ်သားသားဆောင်ရွက်မှုများကြောင့်လည်းလူကြိုက်များ ထင်ရှားသူဖြစ်သည်။

လုပ်ကြံသတ်ဖြတ်ရန်ကြိုးစားခဲ့သည့်သေနတ်သမားမှာ အသက် ၇၁ နှစ်ရှိ ဂျူရတ်ဂျ် ဆင်တူလာ ဆိုသူဖြစ်ပြီး အချင်းဖြစ်ပွားရာနေရာ၌ပင် ရဲတပ်ဖွဲ့က ၎င်းအား ဖမ်းမိခဲ့သည်။ ၎င်းက ဆလိုဗက်ကီးယားနိုင်ငံ တောင်ပိုင်းမှဖြစ်ကာ ကဗျာဆရာတစ်ဦးလည်းဖြစ်ပြီး ဆလိုဗက် စာရေးဆရာအသင်း အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။

၎င်းက အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သူဖြစ်ပြီး ဝန်ကြီးချုပ်၏ နိုင်ငံရေးမူဝါဒများကို လက်မခံဆန့်ကျင်သူဟုလည်း ယုံကြည်ရသည်။

Ref- CNN, The Independent

Leave a Reply

Your email address will not be published. Required fields are marked *