၁၇. ၅. ၂၀၂၄
Written by Thettant
မလေးရှားနိုင်ငံတွင်ကျင်းပမည့် ပိုက်ကျော်ခြင်းကမ္ဘာ့ဖလားပြိုင်ပွဲတွင် လက်ရှိအာရှချန်ပီယံ မြန်မာ့လက်ရွေးစင်အသင်းက မေလ ၁၈ ရက်တွင် စတင်ယှဥ်ပြိုင်ရမည်ဖြစ်၍ ယနေ့နံနက် ၆ နာရီခွဲတွင် ထွက်ခွာရာ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများက လိုက်လံပို့ဆောင်ခဲ့ကြောင်း သိရသည်။
မလေးရှားနိုင်ငံတွင် မေလ ၁၈ ရက်မှ ၂၆ ရက်အထိကျင်းပမည့် ISTAF WORLD CUP 2024 ပိုက်ကျော်ခြင်းပြိုင်ပွဲ သွားရောက်ယှဥ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အသင်းကို အသင်းအုပ်ချုပ်သူ ဦးအောင်မျိုးစံမြင့်၊ နည်းပြ ဦးအောင်ချိုမြင့်နှင့် အားကစားသမား ၁၂ ဦးတွင် နောက်ထိန်းများအဖြစ် ထူးအောင်ကျော်၊ သန့်ဇင်ထွန်း@ဓာတ်လုံး၊ မင်းသန့်သူနှင့် ဝင်းကျော်တို့ ရွေးချယ်ထားပြီး လစ်များအဖြစ် ဝင်းဇော်ဇော်ဦး@တရုတ်ကြီး၊ ဇင်ကိုကို၊ ဇင်မင်းဦး@အားဒစ်၊ အောင်မျိုးကျော်@မျိုးလေး နှင့် ဖိုက်တာအဖြစ် ရှိန်းဝဏ္ဏဇော်@ရှိန်းလေး၊ စစ်လင်းထွဋ်၊ ဖေငြိမ်းချမ်း၊ ရန်ပိုင်ဦး@ကျောင်းတိုက် တို့ကို ရွေးချယ်ထားသည်။
မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် ယခုသွားရောက်ယှဥ်ပြိုင်ရမည့် World Cup 2024 ပြိုင်ပွဲကြီးသည်ယခင်ကျင်းပခဲ့ဖူးသောပြိုင်ပွဲများထက် ထူးခြားသည့်အချက်တစ်ခုရှိနေပြီး ထိုအချက်သည် ပြိုင်ပွဲဝင်အသင်းများ၏ ရလဒ်နှင့်ကစားသမားများ၏ အရည်အသွေးပေါ်မူတည်၍ နိုင်ငံများအား ခြင်းလုံးပြိုင်ပွဲအလိုက် Rank အဆင့်သတ်မှတ်မည့်ပြိုင်ပွဲကြီးတစ်ခုလည်းဖြစ်သည်။ နိုင်ငံပေါင်း (၂၀)ကျော်ပါဝင်ယှဥ်ပြိုင်မည်ဖြစ်ပြီး Premier နှင့် Division ဟူ၍ခွဲခြားယှဥ်ပြိုင်ကြရမည်ဖြစ်သည့်အပြင် မြန်မာ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား စသည့် ပိုက်ကျော်ခြင်းထိပ်တန်းနိုင်ငံများ၏ အကောင်းဆုံးလက်ရွေးစင်အသင်းများသည် Premier တန်းတွင် ယှဥ်ပြိုင်ကြ၍ Rank သတ်မှတ်မည်ဖြစ်သည့်အတွက် ယခင်ပြိုင်ပွဲများကဲ့သို့ မိမိတို့အားသာသည့် Event ကို ရွေးချယ်ယှဥ်ပြိုင်ခွင့်မရှိဘဲ Event အားလုံးကို ယှဥ်ပြိုင်ကြရမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် သုံးယောက်တွဲအသင်းလိုက်၊ သုံးယောက်တွဲအဖွဲ့လိုက်၊ နှစ်ယောက်တွဲအဖွဲ့လိုက် Event များကို ယှဥ်ပြိုင်ရမည်ဖြစ်သလို အဓိကပြိုင်ဘက်နိုင်ငံဖြစ်သော ထိုင်းကလည်း Event အားလုံးရွှေဆုရရန် ကြံရွယ်နေသည်။ မြန်မာနိုင်ငံမှာမူ Premier အတန်းတွင် ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ စင်ကာပူ၊ ဗီယက်နမ်တို့နှင့် ယှဥ်ပြိုင်ရမည်ဖြစ်သည်။ ထို့အတွက် Regu Event တွင် အိန္ဒိယ၊ ဂျပန်တို့နှင့် ယှဥ်ပြိုင်ရမည်ဖြစ်ပြီး Double Event တွင် ဖိလစ်ပိုင်၊ အင်ဒိုနီးရှားတို့နှင့် ယှဥ်ပြိုင်ရမည်ဖြစ်ကာ၊ Team Event တွင်မူ ကိုရီးယား၊ ဖိလစ်ပိုင်နိုင်ငံတို့နှင့် ယှဥ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။