၁၆.၅. ၂၀၂၄
Written by Shwe Phyo
ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်သည် ထိုင်းနှင့်မြန်မာနယ်စပ်ဒေသတစ်လျှောက် တည်ငြိမ်၊ ငြိမ်းချမ်းစေရန် လိုလားနေကြောင်း သက်ဆင်၏သမီးဖြစ်သူပီတွန်တန် ရှင်နာဝါထရာက ထုတ်ဖော်ပြောဆိုလိုက်သည်။
ထိုင်းအာဏာရပါတီဖြစ်သော ဖြူထိုင်းပါတီ၏ ခေါင်းဆောင်ဖြစ်သူပီတွန်တန်က ထိုင်းဝန်ကြီးချုပ်ဟောင်းဖြစ်သော ၎င်း၏ဖခင်ဖြစ်သူသက်ဆင်သည် မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့အစည်းများနှင့်ဆွေးနွေးခဲ့ပြီး ၎င်းနှင့်ပုဂ္ဂိုလ်ရေးရင်းနှီးမှုများကိုအသုံးချကာ ထိုင်းနှင့်မြန်မာနယ်စပ်ဒေသတွင် ငြိမ်းချမ်းရေးဖြစ်လာစေရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း ပြောသည်။
သက်ဆင်သည် ထိုင်းနိုင်ငံနှင့်နယ်စပ်ချင်းထိစပ်နေသောမြန်မာနိုင်ငံဘက်ခြမ်းတွင် ဖြစ်ပွားနေသည့်လက်နက်ကိုင်ပဋိပက္ခများကို ဖြေရှင်းနိုင်ရန် ကြိုးပမ်းမှုအဖြစ် NUG အဖွဲ့၊ ကချင်လက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးခဲ့ကြောင်း ပြီးခဲ့သောရက်ပိုင်းတွင် သတင်းများထွက်ပေါ်ခဲ့သည်။
သက်ဆင်သည် အဆိုပါအဖွဲ့နှစ်ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ရှမ်းလက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့နှင့်လည်း ထပ်မံဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံရှိလက်နက်ကိုင်အဖွဲ့အစည်းများနှင့်ဆွေးနွေးခဲ့သော သက်ဆင်၏လုပ်ရပ်ကို ထိုင်းနိုင်ငံရေးပါတီများက ဝေဖန်ပြစ်တင်ခဲ့ပြီး ထိုင်းအောက်လွှတ်တော်ကော်မတီက စုံစမ်းစစ်ဆေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။
ထိုင်း အောက်လွှတ်တော်ရှိ နိုင်ငံလုံခြုံရေးနှင့် နယ်စပ်ရေးရာကိစ္စကော်မတီက သက်ဆင်၏ဆောင်ရွက်မှုများသည် ထိုင်းအစိုးရအဖွဲ့၏ နိုင်ငံတကာ မူဝါဒများအပေါ် ရှုပ်ထွေးမှုများ ဖြစ်လာနိုင်ဖွယ်ရှိနေကြောင်းပြောဆိုခဲ့သည်။
သို့သော်လည်း ဖြူထိုင်းပါတီခေါင်းဆောင်ဖြစ်သူ ပီတွန်တန်က ” ဖခင်ဖြစ်သူဟာ ထိုင်းနိုင်ငံရဲ့အခြေအနေတွေကို စိုးရိမ်တဲ့ ထိုင်းနိုင်ငံသားတစ်ဦးအဖြစ် ရည်ရွယ်လုပ်ဆောင်ခြင်းမျိုးသာဖြစ်တယ်။ သက်ဆင်ဟာပြည်ပမှာ ၁၇ နှစ်ကျော်ကြာနေထိုင်ခဲ့ရပေမယ့် ထိုင်းပြည်သူတွေကို ဂရုစိုက်နေဆဲဖြစ်ပါတယ်။ ထိုင်းပြည်သူတွေအတွက် ဖခင်ဖြစ်သူဟာ ဘာပဲဖြစ်ဖြစ် လုပ်ပေးလိုတယ်”ဟု ပြောသည်။
သက်ဆင်သည် လက်ရှိထိုင်းအစိုးရအဖွဲ့တွင် ပါဝင်ခြင်းမျိုးမရှိသော်လည်း မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပြင် မြန်မာအစိုးရနှင့် ပုဂ္ဂိုလ်ရေးဆက်ဆံမှုများရှိနေကြောင်း ဖြူထိုင်းပါတီခေါင်းဆောင် ပီတွန်တန်ရှင်နာဝါထရာက ပြောသည်။
REF National Thailand