၁၆.၅.၂၀၂၄
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၃၄) ရပ်ကွက်၊ ဦးဝိစာရလမ်းရှိ BEST-3 KTV တွင် မေလ ၁၆ ရက် ညနေ ၅ နာရီ ၇ မိနစ်ခန့်က Aircon Safe- Guard အပူလွန်ကဲရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
ကေတီဗွီမီးလောင်မှုမှာ ပထမထပ်ရှိ အခန်းတစ်ခုတွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အခန်းတွင်း တပ်ဆင်ထားသော Aircon Safe- Guard အပူလွန်ကဲရာမှ အသံထိန်းနံရံအဖြစ် အသုံးပြုထားသော ဖော့များအတွင်းရှိ ဝါယာကြိုးများ အပူလွန်ကဲကာ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။
“မီးကစလောင်လောင်ချင်း များတယ်။ Level 1ခေါ်ရတယ်။ ဆိုင်ဝန်ထမ်းတွေနဲ့ ဧည့်သည်တွေလည်း အန္တရာယ်ကင်းကြပါတယ်”ဟု မီးလောင်ပြင်ကို ရောက်ရှိခဲ့သည့် မီးသတ်သမားတစ်ဦးက ပြောသည်။
မီးလောင်မှုကြောင့် Aircon ၂ လုံး၊ Safe- Guard ၁ ခု၊အသံလုံဖော့၊ ဆိုဖာနှင့် မျက်နှာကြတ် ကျောက်ပြား၊ နံရံကပ်ကျောက်ပြား၊ ဝါယာကြိုးများနှင့် ကေတီဗွီခန်း၂ခန်း မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှုမှာ မိနစ် ၂၀ ခန့်လောင်ကျွမ်းခဲ့ပြီး မီးငြှိမ်းသတ်ယာဥ် ၉ စီး၊ ရေသယ်ယာဥ် ၈ စီး၊ အထောက်အကူပြုယာဥ် ၂ စီး၊ ကွပ်ကဲမှုယာဥ် ၁ စီးနှင့် သန္ဓေအရံ မီးသတ်တပ်ဖွဲ့ဝင် ၉၀ ကျော်ဖြင့် ငြှိမ်းသတ်ခဲ့ကြသည်။
ကေတီဗွီမီးလောင်မှုကြောင့် အသက် ၃၈ နှစ်အရွယ် မန်နေဂျာအမျိုးသားကို ပုဒ်မ၂၈၅ ဖြင့်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့မရဲစခန်းက အမှုဖွင့်ထားကြောင်း သိရသည်။