MT News
၁၆. ၅. ၂၀၂၄
◾ ဆွမ်းခံကြွနေသော ရဟန်းတော် ၁ ပါးကို PDF များက လာရောက်ပစ်ခတ်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာများရရှိ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့၊ ကုန်းသာဦးဘုန်းတော်ကြီးကျောင်းမှ ဘဒ္ဒန္တခေမာစာရ၊ သက်တော်(၅၀) နှစ်၊ ဝါတော်(၂)ဝါသည် မေလ ၉ ရက် နံနက် ၇ နာရီခန့်တွင် မြို့အတွင်းသို့ ဆွမ်းခံကြွရောက်စဉ် ချမ်းသာကြီးဘုရားအနီးအရောက်၌ PDF ၅ ဦးက မော်တော်ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး ဆွမ်းခံကြွနေသည့် ဆရာတော်အား လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် လက်နက်ငယ်ကျည် ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။ ထိုသို့ လက်နက်ငယ်ကျည် ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဆရာတော်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒီပဲယင်းမြို့၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်းနှင့် တရားခံများအား စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း ယနေ့ သတင်းထုတ်ပြန်သည်။
◾ မြင်းခြံမြို့နယ်၊ ရွာရှည်ကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ၅ ဦးကိုပါ သတ်ဖြတ်ခဲ့ကြောင်း မဟုတ်မမှန် စွပ်စွဲရေးသား
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ရွာရှည်ကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မေလ ၁၄ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ၅ ဦးကိုပါသတ်ဖြတ်ခဲ့သည်ဟု မဟုတ်မမှန် စွပ်စွဲရေးသားနေပြီး ဖြစ်စဉ်အမှန်မှာ မြင်းခြံမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက မေလ ၁၄ ရက်နေ့တွင် ရွာရှည်ကျေးရွာအနီးသို့ ရောက်ရှိစဉ် PDF များမှ လက်လုပ်လက်နက်ကြီး၊ လက်လုပ်လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ထိရောက်သော တန်ပြန် တိုက်ခိုက်မှုများကြောင့် PDF များ ထိခိုက်သေဆုံးမှုများစွာဖြင့် ရွာရှည်ကျေးရွာအတွင်းသို့ ဖရိုဖရဲဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။
အဆိုပါ ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းခဲ့ရာ အကြမ်းဖက်သမား အလောင်း ၁ လောင်း၊ လက်လုပ်လက်နက်ကြီး ၃ လက်နှင့် လက်နက်ငယ် ၂ လက်တို့ကို သိမ်းဆည်းရမိခဲ့ပြီး အကြမ်းဖက်သမားများနှင့် တိုက်ပွဲဖြစ်ပွားစဉ်တွင် ၎င်းတို့၏ လက်လုပ်လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ရွာရှည်ကျေးရွာအတွင်းသို့ ကျရောက်ခဲ့ပြီး နေအိမ်များ မီးလောင်ပျက်စီးခဲ့ရကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
◾ လက်ပံတန်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံ ၁ ဦးကို သတ်ဖြတ်ခဲ့ပြီး ပြည်သူ ၃၀ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းမှားဖြန့်
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ ရေငံကျေးရွာတွင် မေလ ၁၅ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်သမားများ နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရေငံကျေးရွာမှ ဒေသခံ ၁ ဦးကို သတ်ဖြတ်ခဲ့ကာ ပြည်သူ ၃၀ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မဟုတ်မမှန်လုပ်ကြံရေးသားထားသည့် သတင်းတု၊ သတင်းအမှားများနှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ရေငံကျေးရွာမှ ဒေသခံ ၁ ဦးကို သတ်ဖြတ်ခြင်းနှင့် ပြည်သူ ၃၀ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်မှာ မှန်ကန်မှုမရှိကြောင်း၊ ၎င်းရက်နေ့တွင် ရေငံကျေးရွာနှင့် အနီးဝန်းကျင်များတွင် အကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိဘဲ မေလ ၁၃ ရက်နေ့က ရေငံကျေးရွာနှင့် ထန်းတောကျေးရွာ ကျေးရွာချင်းဆက်လမ်းပေါ်တွင် အကြမ်းဖက်သမားများမှ မိုင်းထောင်ရန်ဆောင်ရွက်နေကြောင်း တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့မှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပြည်သူများထိခိုက်မှုမရှိစေရန်အတွက် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သမားများ ထိခိုက်ဒဏ်ရာများစွာဖြင့် ထွက်ပြေးသွားခဲ့သည်။
ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာချင်းဆက်လမ်းပေါ်ရှိ အကြမ်းဖက်သမားများ မိုင်းထောင်နေသည့်နေရာအား ရှင်းလင်းခဲ့ရာ လက်လုပ်မိုင်း ၃ လုံး၊ ဝါယာကြိုး ၃ ခွေနှင့် ဘတ္ထရီအိုး ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ထန်းတောကျေးရွာအနီးမှ ဗုံးစထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေသော အကြမ်းဖက်သမားအလောင်း ၂ လောင်းနှင့်အတူ လက်လုပ်မိုင်းများ၊ ဖောက်ခွဲရေးပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်ဟု ဖြစ်စဥ်အမှန်ကို ပြန်လည်ရှင်းလင်းထားသည်။