၁၆. ၅. ၂၀၂၄
Written by Nyein Kyaw
၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘော (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း (C) ရုံ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့ပြီး ဂုဏ်ပြုချီးမြှင့်ငွေနှင့် တံခွန်စိုက်ဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့သည်။
၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲ (အမျိုးသား) ဗိုလ်လုပွဲစဉ်အဖြစ် ကရင်ပြည်နယ်အသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရှမ်းပြည်နယ်အသင်းက ၃ ပွဲ ၁ ပွဲဖြင့် အနိုင်ရရှိခဲ့သည်။ ထို့အတူ ဘော်လီဘောပြိုင်ပွဲ (အမျိုးသမီး) ဗိုလ်လုပွဲစဉ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မန္တလေးတိုင်းဒေသကြီးအသင်းက ၃ ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။
ထို့နောက် SAC ဥက္ကဋ္ဌက ဘော်လီဘော (အမျိုးသား) ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရှမ်းပြည်နယ်အသင်းနှင့် ဘော်လီဘော (အမျိုးသမီး) ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းတို့အား ဂုဏ်ပြုချီးမြှင့်ငွေနှင့် တံခွန်စိုက်ဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့သည်။
၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲကို နိုင်ငံ့လက်ရွေးစင် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်စေရန်နှင့် မြန်မာဘော်လီဘော အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားစေရန် ရည်ရွယ်၍ မေလ ၇ ရက်မှ ၁၆ ရက်အထိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း (C) ရုံ၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အမျိုးသားအသင်း ၁၃ သင်းနှင့် အမျိုးသမီးအသင်း ၁၂ သင်းတို့ ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။