၁၆. ၅. ၂၀၂၄
Written by Nay Moe
နော်ဝေနိုင်ငံအခြေစိုက် နော်ဝေ စစ်မှုထမ်းဟောင်းနဲ့ လက်ရှိစစ်သားတစ်ဦး တည်ထောင်ထားတဲ့ စစ်ဘက်ရေးရာကုမ္ပဏီတစ်ခုဖြစ်တဲ့ NorArm Tactical ကုမ္ပဏီက ချင်းပြည်နယ်က PDF-Zoland ကို စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။
NorArm ရဲ့ Website အားလုံးမှာလည်း မေ ၁၀ ရက်ကစပြီး PDF-Zoland ကို စစ်သင်တန်းပေးနေပုံတွေ တင်ထားပြီး တိုက်ခိုက်ရေးအတွေ့အကြုံများစွာရှိတဲ့ NorArm ရဲ့ အရင်းနှီးဆုံးမိတ်ဆွေတစ်ဦးက မြန်မာပြည်ကို သွားရောက်ကူညီနေတယ်လို့ရေးသားထားသလို မှတ်ချက်တွေမှာလည်း PDF-Zoland ကို စစ်သင်တန်းပေးနေတာလို့ ရေးသားဖော်ပြနေကြတဲ့အပြင် ဒေသတွင်းသတင်းတွေကလည်း NorArm စစ်သင်တန်းပေးနေတာ PDF-Zoland လို့ ရေးသားနေပါတယ်။
NorArm Tactical ဟာ ၂၀၁၉ ခုနှစ်မှာ နော်ဝေစစ်တပ်က စစ်ပြန် Milan နဲ့ Norwegian Home Guard က စစ်သား Thomas တို့က တည်ထောင်ခဲ့တဲ့ အသေးစားကုမ္ပဏီဖြစ်ပြီး စစ်ဝတ်စုံတွေထုတ်လုပ်ရောင်းချနေတာပါ။
PDF-Zoland က ဒီစစ်သင်တန်းပေးမှုကို တရားဝင် မထုတ်ပြန်ပေမဲ့လည်း NorArm က တင်တဲ့ပုံကို “Zoland စစ်သား၊ မျိုးချစ်စစ်သား” ခေါင်းစဥ်နဲ့ ပြန်လည် မျှဝေထားတာ တွေ့ရပါတယ်။
အမေရိကန်အပါအဝင် အနောက်အုပ်စုကထောက်ပံ့ပေးထားတဲ့ Free Burma Rangers အဖွဲ့ဟာ ကယားပြည်နယ်မှာ စစ်သင်တန်းပေးနေခဲ့တာ နှစ်များစွာကြာမြင့်နေပြီဖြစ်ပြီး လက်ရှိမှာတော့ နော်ဝေစစ်ပြန် Milan နဲ့ Norwegian Home Guard က လက်ရှိစစ်သား Thomas တို့ရဲ့ NorArm ကပါ ချင်းပြည်နယ်ကို ချဲ့ထွင်ခြေလှမ်းလာနေတာပါ။